ထောင်အထွက်ဂိတ်မှာ “အမေ” ကြိုနေမယ် သား

 

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် အကျဉ်းသားတွေ လွှတ်မယ်ဆိုတဲ့ သတင်းကြောင့် မြစ်ကြီးနား အကျဉ်းထောင်အပေါက်ဝမှာ မေလ ၇ ရက် နံနက် ၉ နာရီ လောက်ကတည်းက လာရောက် စောင့်ဆိုင်းသူများ စည်ကားနေသည်။

 

တစ်ဦးတည်းသောသားလေး ထောင်ကထွက်လာမလား မျှော်လင့်ချက်ဖြင့် မြစ်ကြီးနား အကျဉ်းထောင်ရှေ့မှာ လာစောင့်နေသည့် အသက် ၆၀ ခန့်အမျိုးသမီးကြီး ဒေါ်ရွယ်တစ်ယောက်

“သားလေးလွတ်လာရင် မြစ်ဆိပ်မှာ ခေါင်းလျှော် ရေချိုးပေးပြီး အိမ်ပြန်ခေါ်သွားမယ်” ဟု ၀မ်းပန်းတသာပြောနေသံကြားရသည်။

 

အကျဉ်းသားလွှတ်မည့်သတင်း ကြားကတည်းက အေးမြသာယာရပ်ကွက်ကနေ အစောကြီး ဆိုင်ကယ်နှင့် ထွက်လာခဲ့သည်ဟု ဆိုသည်။

“ မနက် ၉ နာရီမထိုးခင်ကတည်းက တကြွကြွ ဖြစ်နေတာလေ မိုးညှင်းနဲ့ မြစ်ကြီးနား အကျဉ်းထောင်က အကျဉ်းသားတွေ လွှတ်မယ်ကြားတော့ သူ့အစား အဒေါ်လည်း ၀မ်းသာမိတာပဲ ” ဒေါ်ရွယ်နှင့် ပါလာသူ အမျိုးသမီးက သားထောင်ကလွတ်မယ့် မျှော်လင့်ချက်နှင့် ပျော်နေသည်ကို ပြောပြသည်။

 

ဒေါ်ရွယ့်ဆိုင်ကယ်လက်ကိုင်တွင်လည်း တရော်ကင်ပွန်း အထုပ်ကလေး ချိတ်ထားသည်၊ သားဖြစ်သူ ထောင်ကလွတ်လာလျှင် ၀တ်ဖို့ရည်ရွယ်ထားသော ကချင်လုံချည်နှင့် အင်္ကျီအဖြူလက်ရှည် အသစ်ကလေး ကျွတ်ကျွတ်အိတ်အတွင်း ခေါက်ထည့်ပြီး လက်မှာကိုင်ထားသည်။

 

မြစ်ကြီးနားအကျဉ်းထောင် အတွင်းမှာရှိနေတဲက အကျဉ်းသား အသီးသီးရဲ့ အဖေ ၊ အမေ ၊ ဇနီးမယား ၊ သမီး ၊ သား ၊ ညီအစ်ကို မောင်နှမ ဆွေမျိုးမိတ်သင်္ဂဟများကလည်း သူ့လိုပဲ အကျဉ်းထောင် သံတံခါး အပြင်ဘက်ကနေ လူရိပ်မြင်တိုင်း လည်တဆန့်ဆန့် မျှော်နေကြသည်။

 

“ အမေ့သားက အသက် ငယ်သေးတယ် ပြီးတော့ တက္ကသိုလ်ကျောင်းသား သူ့ဘ၀လေး နှောင့်နှေးသွားမှာ အရမ်းစိုးရိမ်တယ် “ ဟု ဘယ်လောက်မျှော်မျှော် ပွင့်မလာသေးသည့် မြစ်ကြီးနားအကျဉ်းထောင်တံခါးဝဆီ ငေးကြည့်နေရင်း ဒေါ်ရွယ်က အသက် ၂၄ နှစ်အရွယ် သူ့သား ရှေ့ရေးကို ပူပန်ကြောင်း ပြောနေခဲ့သည်။

 

ဒေါ်ရွယ့်သားက မန္တလေးအဝေးသင်တက္ကသိုလ်မှာ ပထ၀ီဝင်ဘာသာ အဓိကနှင့် ဒုတိယနှစ် တက်နေသူဖြစ်ပြီး ပညာဆုံးခန်းမတိုင်မီမှာ မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှုဖြင့် ၂၀၁၇ ခုနှစ်က အဖမ်းခံခဲ့ရပြီး ၂၀၁၈ မတ်လ ၁၃ ရက်နေ့ကစပြီး မြစ်ကြီးနား အကျဉ်းထောင်တွင် ပြစ်ဒဏ် ၁၃ နှစ်ကျခံနေရသည်။ ပညာသင်ဆဲတစ်ပိုင်းတစ်စ အဖမ်းခံလိုက်ရတာ ဖြစ်လို့ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေ ကျောင်းတက်ချိန်ရောက်တိုင်း သားဖြစ်သူအတွက် ဒေါ်ရွယ် ယူကျုံးမရ ဖြစ်နေခဲ့ရသည်။

 

“ ကျောင်းကလည်း တစ်ဝက်တစ်ပျက် ဖြစ်နေလို့လေ သူ့ဘ၀ရှေ့ရေး အတွက်ကလည်း စာတတ်မှ ဖြစ်မှာမို့လို့ မျှော်လင့်တာပေါ့ ဒီနေ့ လွတ်တယ်ဆိုလို့ရှိရင် လာမယ့် အဝေးသင်တက္ကသိုလ် တက်လို့ရတယ် ဆိုပြီးမှ အားကိုးနေတာ၊ အခုချိန်ဆို ကျောင်းအပ်ချိန်ဆိုတော့လေ “ အကျဉ်းထောင်အတွင်းက ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားကြီးကတော့ ပညာရေးအတွက် မည်သို့စဉ်းစားနေသည် မသိ မိခင်ဖြစ်သူကတော့ မျှော်လင့်ချက်က တစ်ပွေ့တစ်ပိုက်။ ယခင်နှစ်က အကျဉ်းသားတွေ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်တာ တွေ့ခဲ့ရသူမို့ ဒေါ်ရွယ်က သူ့သား ထောင်းအတွင်း ပြစ်ဒဏ်ကျနေလျှက်ကပင် တက္ကသိုလ်ပညာရေးအတွက် အားပေးချင်နေသည်။

 

“ အားပေးချင်တယ်၊ ဒါပေမဲ့ မြစ်ကြီးနားမှာက အဲ့လို မရဘူးလိုလို၊ သူက အဝေးသင်ဆိုတော့ မန္တလေးကိုပဲ ချိတ်တာမို့ မန္တလေးထောင်ကို ပြောင်းရမှာဖြစ်နေတယ်၊ အိမ်နဲ့ နီးနီးနားဆိုတော့ ရှိတဲ့ဟာ ခနလာကျွေးလို့ရတာပေါ့နော် ၊ အဲ့ဒါကြောင့် စာက ဆက်တက်ရမလား ဘယ်လိုလည်း မသိဘူး “ ဟု အကျဉ်းကျနေသူ သားပညာရေးအတွက် တွေ့ကြုံခံစားနေရသည့် အခက်အခဲကို ပြောသည်။ မြစ်ကြီးနား အကျဉ်းထောင်၏ ယခင်ထောင်ပိုင်က ပင်စင်ယူသွားပြီဖြစ်လို့ အစားထိုးခန့်ထားသည့် ထောင်ပိုင်အသစ်ကို မသိကျွမ်းသေးတာကြောင့် အဲ့ဒီကိစ္စကို လတ်တလော မစုံစမ်းဖြစ်သေးဘူးလို့ ထောင်ဝင်းသံတံခါးဘေးက စုံစမ်းရန် ဟူသော ဆိုင်းဘုတ်အနီလေးကို ကြည့်ရင်း သူ ပြောနေခဲ့သည်။

 

 

ယခု နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နှင့် အကျဉ်းသားလွှတ်ပေးဖို့ ရှိမရှိ တာဝန်ရှိသူတွေဆီ သွားမေးတော့ ညွှန်ကြားချက် တစ်စုံတစ်ရာ ၀င်ထားတာမရှိလို့ မြစ်ကြီးနား အကျဉ်းထောင်အနေနဲ့ လွှတ်ပေးဖို့ အစီအစဉ်မရှိကြောင်း ပြောလိုက်တဲ့အခါမှာ ဒေါ်ရွယ် ၀မ်းနည်းသွားသည်။

 

သူ့သား လွှတ်ဖို့မရှိဟူသော သတင်းစကားကို ထောင်အပေါက်ဝမှာ သူ့လို လာစောင့်နေသူတွေဆီက ကြားနေရသည်ကိုပင် ဒေါ်ရွယ် လက်မခံနိုင်သေးဘဲ ဆက်ပြီးစောင့်နေချင်သေးသည်။ လက်ထဲက ဖုန်းမှာသူများဖွင့်ပေးထားတဲ့ ဖေ့ဘုတ်အကောင့်ကို မသုံးတတ်သုံးတတ်နဲ့ ဖွင့်ကြည့်ချိန်မှာ ရန်ကုန် အင်းစိန်ထောင်ကနေ မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၇ နှစ်ကျတဲ့  သရုပ်ဆောင် မိုးအောင်ရင် လွတ်တဲ့ သတင်းမြင်ရပြန်တော့ ဒေါ်ရွယ် သူ့သားလွတ်မှာပဲဆိုပြီး ယုံကြည်ချက်မြင့်တက်လာပြီး လည်တဆံ့ဆံ့ဖြင့် ထောင်ကလွတ်လာသူတွေ ထွက်လာတတ်တဲ့ ဂိတ်ပေါက်ကိုပဲ အာရုံမပြားပဲ ကြည့်နေလေသည်။

 

 

သားလေး ထောင်ကလွတ်လျှင် မြစ်ဆိပ်မှာ ရေချိုးရင်း လျှော်ပေးဖို့ စိတ်ကူးဖြင့် ယူလာသည့် တရော်ကင်ပွန်းထုပ် ကလေးကလည်း နေကြောင့် ပူနွေးနေပြီ၊ သားဖြစ်သူကို ၀တ်မပေးရသည့် ကချင်လုံချည်နှင့် အင်္ကျီအဖြူ ခေါက်ထည့်ထားသည့် အိတ်ကလေးလည်း ဆိုင်ကယ်မှာ ပြန်ချိတ်လိုက်ပြီ။ “ ရှေ့ဆက် မျှော်လင့်နေသေတာပေါ့နော် ၊ လွတ်ငြိမ်းချမ်းသာ ထပ်လာအုန်းမလားဆိုတာကို မျှော်လင့် နေသေးတာပေါ့ “ ဆိုသော စကားကိုပင် ပြောရင်း စိတ်မလျှော့ချင်။

 

ထောင်ဝင်းအုတ်တံတိုင်းဘေးမှာ အကျဉ်းသားလွှတ်ပေးမည့် သတင်းကြောင့် သုံးဘီးဆိုင်ကယ်နှင့် အဖွဲ့လိုက် လာစောင့်နေသူများလည်း ခေါင်းငိုက်စိုက်နှင့် ထိုင်နေသူ တချို့၊ သူတို့မျှော်နေသူတွေ လွှတ်ပေးဖို့ မရှိကြောင်း သတင်းကို ဖုန်းဆက်ပြောပြနေသူ တချို့ သူ့အစုလေးနှင့်သူ နီးစပ်ရာ သစ်ရိပ်မှာ စုဝေးနေကြသည်။ ဆက်စောင့်ချင်သူများက စောင့်ပြီး ပြန်သူများက ပြန်ကုန်ကြသည်။

 

အရှေ့ကနေ ထွက်လာတဲ့ ဆက်ရှင်နေမင်းကြီးလည်း ဂေါ်ယာကျွန်းမှာယွန်းသွားခဲ့ပြီး သူ့တာဝန်ချိန်ပြီးပြီမို့ တောင်စွယ်တခုကနေ လက်ပြနုတ်ဆက်ဖို့ ပြူတစ်တစ်သာ မြင်ရတော့ချိန်မှာတော့ ဒေါ်ရွယ်တယောက် အားလျှော့လိုက်ပုံရသည် ။ မျက်ရည် ဖြိုင်ဖြိုင်ကျပြီး လက်ကိုင်ပုဝါလေးနဲ့ သုတ်နေတာ မြင်နေရလေသည်။

 

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်က လွတ်ငြိမ်းသက်သာနှင့် အကျဉ်းသား ၇၈၅ ဦး လွှတ်ပေးစဉ်ကလည်း သူ့သားမပါ၊ ဒုတိယအကြိမ်အဖြစ် ဧပြီ ၂၆ ရက်မှာ အကျဉ်းသား ၁၃၆၉ ဦး လွှတ်ပေးတော့လည်း သူ့သား အရိပ်ပင်မတွေ့ရ ၊ အခု တတိယအကြိမ် လွှတ်ပေးမှုမှာလည်း မျှော်လင့်ချက် မရှိတော့သည်က တက္ကသိုလ်ကျောင်းပညာရေး တစ်ပိုင်းတစ်စနှင့် ထောင်ကျနေသည့် သားတစ်ယောက်၏ မိခင် တစ်ယောက်အတွက် ခါးသည်းနေပေလိမ့်မည်။ “ Facebook မှာ ဒီနေ့ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်မယ်ဆိုတော့ အမေက ၀မ်းသာပြီး လာကြိုတာ အခု မလွတ်ဘူးဆိုတော့ ခံစားရတယ်၊ သားကလည်း ဒီတစ်ယောက်ပဲရှိတာ “ ဟု မျက်ရည်သုတ်ရင်း သူပြောလိုက်ကတည်းက သူ့ မျှော်လင့်ချက် လက်လျှော့သွားကြောင်း သိသာစေသည်။

 

 

မြစ်ကြီးနား အကျဉ်းထောင်ဝင်း သံတံခါးကြီးက သူကို အဖတ်ပင်မလုပ် ။ နိုင်ငံတော်သမ္မကြီးကရဲ့ လွတ်ငြိမ်းသက်သာခွင့်နှင့် ပထမ အကြိမ်မှာ တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေက နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦး ၊ နိုင်ငံသားအကျဉ်းသား ၉၅၃၅ ဦး၊ ဒုတိယအကြိမ်မှာ အကျဉ်းသား ၆၉၄၈ နှင့် တတိယအကြိမ်မှာ အကျဉ်းသား ၆၅၂၀ ဦး စုစုပေါင်း ၂၃၀၁၉ ဦး လွှတ်ပေးထားပြီး ဖြစ်လို့ သူ့သားအတွက် မျှော်လင့်စရာမရှိတော့ဘူးလို့ ဒေါ်ရွယ်က တွေးချင်မှ တွေးနေပေလိမ့်မည် ။

 

နေလုံးကြီးလည်း တောင်စွယ်ကနေ ပင်လယ်ထဲ ငုတ်လျိုးသွားချိန်မှာတော့ ဒေါ်ရွယ်တယောက် စိတ်ဒုံးဒုံးချပြီး  ပြန်ဖို့ ပြင်လေပြီ။ သို့သော် ကချင်လုံချည် ၊ အင်္ကျီအဖြူလေးဝတ်ပြီး သူ့သား တက္ကသိုလ်တက်နေသည်ကို မြင်ချင်စိတ်ကတဖက် တကယ်လို့ မလွတ်ရင်  အကျဉ်းသားဘဝနဲ့  တက္ကသိုလ် စာမေးပွဲ ဖြေဆိုခွင့်ကိုတော့ သူမျှော်လင့်နေမည်ကတော့ သေချာသည်။

နောက်ဆုံးမှာတော့ လွတ်ငြိမ်းချမ်းသာဆိုတဲ့ အသံကို ဘယ်ကနေကြားကြား အမေ ထောင်ပေါက်ဝကို အရောက်လာမယ်သားရေလို့  ဒေါ်ရွယ်တယောက် ရေရွတ်ရင်းဖြင့်

 

လွတ်သင့် လွတ်ထိုက်သူတွေ လွတ်ကြပါစေ ။

 

သရ ရေးသားသည်။

 

#voiceofmyanmar #မြစ်ကြီးနား #ဒေါ်ရွယ်

Related posts

Leave a Comment

VOM News

FREE
VIEW