ဝါရှင်တန်၊ မေ-၁၁-၂၀၁၉
မျိုးဆက်(VOM)
အမေရိကန်ရေနံတင်သင်္ဘောတွေအပါအ၀င် အမေရိကန်ကုန်တင်သင်္ဘောတွေကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် ရေကြောင်းအုပ်ချုပ်ရေးအဖွဲ့က မေ ၁၀ ရက်က သတိပေးပြောဆိုလိုက်ပါတယ်။
အမေရိကန်ရေတပ်ကို ဒုံးပျံတစ်စင်းတည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်လို့ အီရန် ထိပ်တန်း ဘာသာရေးခေါင်းဆောင်က ပြောဆိုပြီးနောက် အမေရိကန်ရေးကြောင်းအုပ်ချုပ်ရေးအဖွဲ့က ဒီလို သတိပေးလိုက်တာဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့အကြား အပြန်အလှန်တင်းမာမှုတွေဖြစ်ပေါ်နေပြီး အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုပြုမည်မဟုတ်ဘူးလို့ အီရန်တော်လှန်ရေးအစောင့်တပ်က သီးခြားထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းမှုကနေ အီရန်သမ္မတရူဟာနီနဲ့ သူရဲ့ မဟာမိတ်အချို့ကို တားဆီးရန်ရည်ရွယ်တဲ့ သီးခြားရပ်တည်ချက်ကို ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို လက်လျှော့ဖို့ နဲ့ ပတ်သက်ပြီး အီရန်ခေါင်းဆောင်တွေကို သူနဲ့ ဆွေးနွေးဖို့ မေ ၉ ရက်မှာ တိုက်တွန်းထားပြီး စစ်ရေးထိပ်တိုက်တွေ့နိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။
ထရန့်ဟာ အီရန်အပေါ် စီးပွားရေးနဲ့ စစ်ရေးဖိအားတွေ တိုးမြင့်နေပြီး ပင်လယ်ကွေ့ကို အမေရိကန်ရေတပ်နဲ့ လေတပ်တွေ ရောက်ရှိနေတဲ့ ယခုလမှာ အီရန်ရဲ့ ရေနံတင်ပို့မှုအားလုံးကို ဖြတ်တောက်ဖို့ လုပ်ဆောင်နေပါတယ်။ အရှေ့အလယ်ပိုင်းကို ပက်ထရော့ဒုံးပျံစနစ်တွေ အသစ်ဖြန့်ကြက်ဖို့ အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က ခွင့်ပြုပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက မေ ၉ ရက်ကအတည်ပြုပြောဆိုပါတယ်။
ဒါ့အပြင် အီရန်ကို စစ်ရေးအရ သတိပေးမှုအဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘော အီဘရာဟမ်လင်ကွန်းကို မေ ၈ ရက်က အီဂျစ်နိုင်ငံရဲ့ ဆူးအက်တူးမြောင်းကိုဖြတ်ပြီး ဖြန့်ကြက်ချထားသလို အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ်တွေ လည်း ကာတာရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ရောက်ရှိနေတယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။
Ref : CNA
Photo : Reuters
#voiceofmyanmar #အမေရိကန် #အီရန်