သတင်းမီဒီယာ အမည်ခံကာ ငွေကြေးတောင်းသူများ ဖမ်းဆီးခံရ

မန္တလေး ၊ မေ – ၂၀ – ၂၀၁၉

ဖြူဖြူ (VOM)

 

သတင်းမီဒီယာ အမည်ခံကာ ငွေကြေးတောင်းခံသူ ရှစ်ဦးကို ဖမ်းဆီးအရေးယူထားပါတယ်လို့ မန္တလေးမြို့ ပုသိမ်ကြီး မြို့မရဲစခန်းက သိရပါတယ်။

 

“ပထမတစ်ခုဖြတ်ပိုင်းမှာက ရှင်တော်ကုန်းက ဘုန်းကြီးကျောင်းဆောက်လုပ်ရန် ဆိုပြီးတင်ထားတာ။ အဲဒါလည်းအတုပဲ။ သူတို့အဖွဲ့လားဆိုတာတော့ ပြန်စစ်ရမယ်။ ရဲတပ်ဖွဲ့ကတော့ မစွပ်စွဲဘူး၊ ဒါပေမယ့်တရားလိုကတော့ သူတို့ လို့ပဲပြောတယ်။ နောက်တစ်ခါကျတော့ အမိမြေသတင်းစုဆောင်းရေး ဆိုတာနဲ့လာတယ်ပေါ့။ လူကြီးဧည့်ခံဖို့ဆိုပြီး အလှူခံတာပေါ့။  ” လို့ ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ကြပ်လှခိုင်ကပြောပါတယ်။

 

ဦးအောင်မြင့်ဆွေ၊ုဦးမြင့်အောင်၊ ဦးတင့်ဇော်၊ ဦးအောင်ကျော်ထွန်း၊ ဦးမောင်ကြည်၊ ဦးလှမြင့်၊ ဦးမျိုးထွေး၊ ဦးဝေလင်းအောင် တို့ရှစ်ဦးဟာ အမိမြေ သတင်းစုံစမ်းစုဆောင်းဖော်ပြရေးအဖွဲ့ရုံးချုပ် အထက်မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ဖို့ လူကြီးဧည့်ခံစားရိတ်အတွက် ဆိုပြီး ငွေကြေးတောင်းခံခဲ့တာ ဖြစ်ပါတယ်။

 

လူကြီးဧည့်ခံဖို့ တစ်ဝိုင်းကို နှစ်သိန်းနှုန်း၊ သုံးဝိုင်းအတွက်ခြောက်သိန်း ထည့်ဝင်ရန် အလှူခံဖြတ်ပိုင်းပြ တောင်းခံရာမှာ တရားလိုပြုလုပ်သူ မိသားစုဝင်တွေက သင်္ကာမကင်းဖြစ်ပြီး ရပ်ကွက်လူကြီးနဲ့ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။

 

“သဒ္ဒါသရွေ့လှူမယ်ပြောပြီး ခဏစောင့်ခိုင်းလိုက်တယ်။ ပြီးတော့ရဲစခန်းကိုဖုန်းဆက်တယ်၊ မိန်းမကို ၀ိုင်းတံခါးပိတ်ခိုင်းလိုက်တယ်။ ပြီးတော့ကိုယ်တို့က ဗီဒီယိုရိုက်တော့ ရိုက်ပိုင်ခွင့်မရှိဘူးလို့ပြောတယ်။ အဲ့ဒါနဲ့ ပြသနာဖြစ်တော့ ကားသော့ကိုယူထားပြီး နယ်ထိန်းနဲ့ဖုန်းချိတ်တယ်။ ပြီးတော့ ရဲစခန်းက ရောက်လာပြီးဖမ်းလိုက်ကြတယ်။” လို့ အိမ်ရှင် ဦးမျိုးကပြောပါတယ်။

 

အဲဒီလိမ်လည်သူအဖွဲ့ဝင်တချို့ဟာ နှစ်လ၊ သုံးလ တစ်ကြိမ်လာလေ့ရှိပြီး မီဒီယာကဒ်ပြကာ  အခြားအလှူခံဖြတ်ပိုင်းတွေနဲ့လည်း ငွေကြေးတောင်းခံဖူးတယ်လို့လည်း သိရပါတယ်။

 

လိမ်လည်သူရှစ်ဦးကို မနေ့ည ကိုးနာရီခွဲခန့်က ဖမ်းဆီးခဲ့တာဖြစ်ပြီး (ပ)၂၅၇ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ (လိမ်လည်မှု)၊ ၄၆၈ (လိမ်လည်ရန်အလို့ငှာ လိမ်လည်အတုပြုမှု)၊ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူကိုယ်တိုင်ရှိနေခြင်း)  တို့နဲ့ ပုသိမ်ကြီးမြို့မရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးထားပါတယ်။

 

#voiceofmyanmar #မီဒီယာအမည်ခံငွေတောင်း #ဖမ်းဆီးခံရ # ပုသိမ်ကြီး #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW