တစ်ညကို ဒေါ်လာသုံးသောင်းခွဲကုန်ကျမယ့် အာကာသခရီး လာမယ့်နှစ်ကစပြီး သွားနိုင်ပြီ

နယူးယောက် ၊ ဇွန်-၈-၂၀၁၉

မျိုးဆက် (VOM)

 

လာမယ့် ၂၀၂၀ ခုနှစ်အစောပိုင်းကစပြီး နိုင်ငံတကာအာကာသစခန်းကို အများပြည်သူ အာကာသခရီးသွားတွေ လာရောက် လည်ပတ်တာကို စတင်ခွင့်ပြုသွားမယ်လို့ အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

 

ဒီလိုခွင့်ပြုရာမှာ တစ်နှစ်ကို နိုင်ငံတကာအာကာသစခန်းကို လာရောက်မယ့် ပုဂ္ဂလိက အာကာသခရီးစဉ် နှစ်ခုထက်မနည်း ခွင့်ပြုသွားမှာဖြစ်တယ်လို့ ဇွန် ၇ ရက်က နယူးယောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နာဆာက ထုတ်ပြန်ပါတယ်။

 

အာကာသခရီးသွားလာမယ့် သူတွေအနေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ စံချိန်စံညွှန်းတွေ ပြည့်စုံရမှာဖြစ်ပြီး  ရက် ၃၀ ကြာမြင့်မယ့် သူတို့ရဲ့  ခရီးစဉ်မတိုင်မီ လေ့ကျင့်မှုတွေလည်း ခံယူရမှာဖြစ်တယ်လို့ နာဆာက ပြောပါတယ်။

 

ကမ္ဘာ့အပြင်ဘက်ရှိ အာကာသစခန်းပေါ်မှာ အစားအစာနဲ့ နေရာထိုင်ခင်းအတွက် အာကာသခရီး သွားတစ်ဦးကို တစ်ည ဒေါ်လာ သုံးသောင်းခွဲကျသင့်မှာဖြစ်ပြီး နိုင်ငံတကာအာကာစခန်းမှာ ရက်ပေါင်း ၃၀ နေထိုင်ဖို့အတွက် ဒေါ်လာ တစ်သန်းကျော် ကုန်ကျမှာ ဖြစ်ပါတယ်။

 

ဒ့ါအပြင် အာကာသခရီးသွားတွေအနေနဲ့  နိုင်ငံတကာအာကာသစခန်းသို့ ပို့ဆောင်ခအဖြစ် နောက်ထပ် ဒေါ်လာ ၅၈ သန်းကိုလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုပို့ဆောင်တာကိုတော့ နာဆာနဲ့ အကျိုးတူကုမ္ပဏီတွေဖြစ်တဲ့  Space X ဒါမှမဟုတ် ဘိုးအင်းကုမ္ပဏီတွေရဲ့ အာကာသယာဉ်တွေနဲ့  ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

 

နာဆာဟာ ဒီလိုပုဂ္ဂလိက အာကာသခရီးစဉ်တွေကနေ ရနိုင်ဖွယ်ရှိတဲ့ ၀င်ငွေကို ၂၀၂၄ ခုနှစ်မှာ လကမ္ဘာသို့ ပြန်လည်ခြေချဖို့ အားထုတ်မှုအတွက် တစ်စိတ်တစ်ပိုင်း အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Ref: NHK

Photo : NASA

 

#voiceofmyanmar # တစ်ညကိုဒေါ်လာသုံးသောင်းခွဲကျမယ့်အာကာသခရီးလာမယ့်နှစ်ကစပြီးသွားနိုင်ပြီ  #  #အမေရိကန် #နယူးယောက်

Related posts

Leave a Comment

VOM News

FREE
VIEW