ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် မနှစ်ကနဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့်နည်းပေမယ့် လူဦးရေတိုးလာ

ရန်ကုန် ၊ဇွန် ၈ – ၂၀၁၉

သိင်္ဂီ(VOM)

 

တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းကို ပြောရရင် ဒီနှစ်မှာ   ပြီးခဲ့တဲ့နှစ်ကထက် ၁ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ပေမယ့်  အောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက်အရတော့ အခုနှစ်မှာ ၇၀၀၀ ကျော် ပိုများလာခဲ့ပါတယ်။

 

ပညာရေးဝန်ကြီးဌာန စာရင်းတွေအရ ဒီနှစ် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ  ၈၉၁၅၂၄ ဦးမှာ အောင်မြင်သူ ၂၆၇၆၉၆ ဦး၊ ပြီးခဲ့တဲ့ ၂၀၁၈ က ဖြေဆိုသူ ၇၈၉၈၄၅ ဦးမှာ အောင်မြင်သူ ၂၅၉၁၉၃ ဦး ရှိခဲ့တဲ့အတွက် အောင်ချက်ရာခိုင်းနှုန်းအရဆိုရင် ၁.၃၈ ရာခိုင်နှုန်း လျော့ကျခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမယ့် မနှစ်ကထက် ဒီနှစ်မှာ ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်က ၆၀၀၀၀ ကျော်များလာခဲ့ပြီး အောင်မြင်တဲ့ အရေအတွက်အနေနဲ့ကတော့ ၇၀၀၀ ကျော် မြင့်တက်လာတာ တွေ့ရပါတယ်။

 

ဒီနှစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်းကိုယှဉ်ပြရရင်  မွန်ပြည်နယ်က ၃၇.၅၄ ရာခိုင်နှုန်းနဲ့ အောင်ချက်အမြင့်ဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၃၆.၁၃ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ စစ်ကိုင်းတိုင်းက ၃၄.၁၅ ရာခိုင်းနှုန်းနဲ့ တတိယ၊ တနင်္သာရီတိုင်းက ၃၃.၇၈ ရာခိုင်နှုန်းနဲ့ စတုတ္ထ၊ ရန်ကုန်တိုင်းက ၃၂.၆၃ ရာခိုင်နှုန်းနဲ့ ပဉ္စမ အသီးသီးရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး Top Ten စာရင်းဝင်အနေနဲ့ကတော့ ရန်ကုန်တိုင်း ၊အလုံမြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းမှာတက်နေတဲ့  မောင်ကျော်လင်းသန်းက ဘာသာစုံဂုဏ်ထူးနဲ့ အမှတ်ပေါင်း ၅၅၅ ရရှိခဲ့ပြီး ဒုတိယအမှတ်အများဆုံးက ရန်ကုန် ၊အထက ၁ ဒဂုံမှာတက်နေတဲ့ မောင်ကောင်းထူးသန့်က အမှတ်ပေါင်း ၅၅၂ နဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

 

အခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဂုဏ်ထူးရရှိခဲ့တဲ့ အရေအတွက်ဟာ ၄ သောင်းကျာ်ရှိပြီး၊ ပြီးခဲ့တဲ့ နှစ်က ၇ သောင်းကျော်ရှိခဲ့တာကြောင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ ၃ သောင်းကျော်လောက် ဒီနှစ်မှာ လျော့ကျသွားခဲ့တာ တွေ့ရပါတယ်။

 

ဒီနှစ်မှာ ၆ ဘာသာဂုဏ်ထူးရှင် ၅၃၇ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၁၆၇ ဦး ၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၇၂၈ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၃၁၅၀ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇၁၃၄ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၉၃၀၆ ဦး ရှိခဲ့ပါတယ်။ ဒီနှစ်ရဲ့ အောင်ချက် အနည်းဆုံးကတော့ ၁၉.၅၉ ရာခိုင်နှုန်းနဲ့ ချင်းပြည်နယ်ပဲ ဖြစ်ပါတယ်။

 

#voiceofmyanmar   # ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မနှစ်ကနဲ့ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့်နည်းပေမယ့်လူဦးရေတိုးလာ  # ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW