ရန်ကုန်၊ ဇွန် ၁၅-၂၀၁၉
သူရိန် (VOM)
ပြည်ပ၀ယ်ယူမှု များလာတာကြောင့် ပြည်တွင်းမှာငရုတ်သီး(ငြုပ်)အစိုရှားပါးနေတဲ့အတွက် စားသုံးသူတွေ နစ်နာမှုမရှိအောင် နယ်စပ်ကတရားဝင် တင်သွင်းခွင့်ပြုဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို အကြံပြုတင်ပြထားတယ်လို့ စားဖိုဆောင်သီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးခင်ဟန် ပြောပြတာက
“ အခုဝင်နေတာတွေကတော့ တရားမ၀င်တွေများတယ်။ အဲ့တော့တရားဝင်သွင်းခွင့် ပြုဖို့ စီးပွားကူးသန်းကို ကျနော်တို့က အကြံပေးထားတယ်။ သူတို့ဘက်ကလည်း FDA ထောက်ခံချက်ပေးဖို့၊ကျွန်တော်တို့ကလည်းကျွန်တော်တို့ဆုံးဖြတ်ပြီး ပေးလို့မရဘူး။ နိုင်ငံတော်အနေနဲ့ပဲလုပ်လို့ရမယ်။ သူတို့ ဒီရက်ပိုင်းမှာပဲ ကျောက်ဆည်မှာ အစည်းအဝေးလုပ်မယ်ဆိုတော့ အစည်းအဝေးလုပ်ပြီး သူတို့တင်ပြပြီးရင်တော့ သွင်းခွင့်ပြုသင့်တယ်ဆိုရင်သူတို့ ခွင့်ပြုမှာပေါ့။ တကယ်လို့ခွင့်ပြုလိုက်ပြီဆိုရင်တော့ ထိုက်သလောက်တော့ဈေးနည်းနည်း လျော့သွားမယ်။ အဲ့ဒီ့လိုမှ မဟုတ်ဘူး ဆိုရင်တော့ မကြာခင်မှာငရုတ်သီးက တစ်သောင်း အထက်နားမှာ ရောက်သွားလိမ့်မယ်လို့ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
ဒီလိုပြည်ပ ဝယ်ယူမှုများလာတာကြောင့်ပြည်တွင်းငရုတ်သီး(ငြုပ်)အစိုများဈေးနှုန်းမြင့်တက်နေပါတယ်။ အရင်က ငရုတ်အစိုဈေး တစ်ပိဿာကိုကျပ် ၁၅၀၀ ကနေ၂၀၀၀ အတွင်းရှိခဲ့ပေမယ့်လက်ရှိမှာငရုတ်အစို တစ်ပိဿာကို ၈၅၀၀ ကျပ်အထိဈေးနှုန်းမြင့်တက်နေပါတယ်။
ဒီငရုတ်အစိုတွေကိုတရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့က ၀ယ်ယူနေတာဖြစ်ပြီးတရုတ်နိုင်ငံအနေနဲ့အရင်က ငရုတ်ဝယ်ယူမှု နည်းပါးခဲ့ပေမယ့်လည်းပြီးခဲ့တဲ့ဖေဖော်ဝါရီနောက်ဆုံး ပတ်ကစပြီး ပိုမိုဝယ်ယူလာတာဖြစ်ပါတယ်။
“ အရင်က၀ယ်ပေမယ့် အခုလို အများကြီးမ၀ယ်ဘူး။ အ ဓိက သူတို့ဝယ်နေတာက ဗီယက်နမ်နဲ့ အိန္ဒိယကပါ။ အဲ့ဒီ့နိုင်ငံတွေက ၀ယ်လို့မရလို့ မြန်မာနိုင်ငံက ၀ယ်တယ်လို့ ကြားတယ်။ ဒီရက်ပိုင်း တော်တော်ဝယ်အားကောင်းတယ်။ တစ်ယောက် တစ်ယောက်ကို ကားအစီး ၁၅၊ ၂၀ လောက် ၀ယ်နေတာ။ စိုက်တဲ့သူကခြောက်အောင်တောင်စောင့်စရာမလိုဘူး။ အစိုတွေ စွတ်ရောင်းပစ်တာ” လို့ ဦးခင်ဟန်က ဆက်ပြောပါတယ်။
လက်ရှိမှာ ဘုရင့်နောင်ကုန်စည်ဒိုင်ကို မြစ်ဝကျွန်းပေါ် ဒေသတွေဖြစ်တဲ့ မအူပင်၊ ဟင်္သာတ၊ ၀ါးခယ်မ၊ ရွှေလောင်းအစရှိတဲ့ဒေသတွေက ထွက်ရှိတဲ့ငရုတ်တွေ ၀င်ရောက်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက ငရုတ် စိုက်ဒေသတွေကထွက်ရှိတဲ့ ငရုတ်သီးတွေလည်း ဈေးကွက်အတွင်း မကြာမီ ၀င်ရောက်လာတော့မှာဖြစ်ပါတယ်။
#voiceofmyanmar #ငရုတ်သီးဈေးကွက် #ငရုတ်ပြည်ပကသွင်းမယ်