လက်ပံတန်း၊ ဇွန် ၂၁ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း လက်ပံတန်းမြို့နယ်အတွင်းက ခမုံနယ်မြေ၊ မြင်ကဝကျေးရွာအုပ်စု၊ အေးသာယာကျေးရွာမှာ မနေ့ညနေပိုင်းက သမီးယောက်ဖနှစ်ဦး စကားများပြီး ဓါးနဲ့ခုတ်သတ်ခဲ့မှု ဖြစ်ခဲ့တယ်လို့ ခမုံနယ်မြေ ရဲစခန်းက သိရပါတယ်။
“ဖိုးကွီးက သူ့အစ်မကို မူးပြီး ရန်လုပ်နေတာလည်းပါတယ်။ ပြီးတော့ ကျေးရွာ တစ်အုပ်စုတည်းနေတဲ့ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ မိန်းကလေးငယ်ကို သေဆုံးသူ ဖိုးကွီးက အဓမ္မပြုကျင့်ခဲ့လို့ ယောက်ဖက ရှက်ပြီး ဓားနဲ့ခုတ်သတ်လိုက်တာပါ။ ယောက်ဖက လူရိုးလူအေးကြီးပါ။”လို့ မြင်ကဝအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။
အေးသာယာကျေးရွာနေ အသက် ၃၁ နှစ်အရွယ် ခိုင်လင်းနိုင်(ခ)ဖိုးကွီးဟာ အရက်သောက်ပြီး တစ်အိမ်တည်း နေ အစ်မဖြစ်သူကို စကေဘာနဲ့ လိုက်လံထိုးသတ်နေတာကို ယောက်ဖတော်သူ အသက် ၄၅ နှစ်အရွယ် ဦးစံအေးက ဝင်ရောက်တားဆီးခဲ့ပါတယ်။ အဲဒီလိုတားဆီးစဉ် ဖိုးကွီးက ကိုင်းခုတ်ဓားနဲ့လိုက်ခုတ်ရာ ဦးစံအေးက ဓားကိုလုယူပြီး ပြန်လည်ခုခံ ခုတ်ခဲ့လို့ လူသတ်မှု ဖြစ်ပွားခဲ့တာလို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓားခုတ်မှုကြောင့် ဖိုးကွီးရဲ့လည်ပင်းမှာ လည်ပြွန်အထိ ပြတ်ရှဒဏ်ရာ၊ ညာဘက်နှာခေါင်းကနေ မေးရိုးအထိ ဒဏ်ရာတစ်ချက်၊ ဘယ်လက်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဲဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး ဦးစံအေးကို (ပ)၃၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ခမုံနယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။ လူသတ်မှုကို အရေးယူဆောင်ရွက်ထားပြီဖြစ်ပေမယ့် မုဒိမ်းမှုနဲ့ပတ်သက်တာကိုတော့ စိစစ်ဆောင်ရွက်နေဆဲဖြစ်လို့ ဖြစ်စဉ်အသေးစိတ်ကို မထုတ်ပြန်နိုင်သေးဘူးလို့ ရဲစခန်းက ပြောဆိုပါတယ်။
#voiceofmyanmar # လက်ပံတန်းမှာသမီးယောက်ဖစကားများပြီးဓါးခုတ်မှုဖြစ်တစ်ဦးသေ# ပဲခူး #လက်ပံတန်း #