မန္တလေးမြို့မှာ ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားမှုပြုလုပ်

မန္တလေး၊ ဇူလိုင် ၁- ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်  မန္တလေးတက္ကသိုလ်အနီးမှာ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ဖျက်သိမ်းရေးအတွက် လူထုအသိပေး လက်ကမ်းစာဆောင်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုတစ်ခု ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။

 

“ကျနော်တို့က မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က နိုင်ငံတော်အစိုးရကို ပြည်သူတွေသိဖို့အတွက် တစ်လအတွင်း စာချုပ်ချပြပေးဖို့ တောင်းဆိုထားတယ်။ အဲ့ဒါကို ချမပြဘူး။ အခုဆိုတစ်လ ပြည့်သွားပါပြီ။  ဒါ့ကြောင့် ဒီနေ့မှာ ပြည်သူတွေ သိစေဖို့အတွက်  လူထုအသိပေး လှုပ်ရှားမှုတစ်ရပ် ပြုလုပ်တာပါ။”လို့ နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်စိုးမြင့်က ပြောပါတယ်။

 

အဲဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကွန်ယက်၊ ဧရာဝတီကို ချစ်မြတ်နိုးသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ စုပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

မြစ်ဆုံဆည်စီမံကိန်းစာချုပ်နဲ့ပတ်သက်ပြီး ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ ချပြခိုင်းခြင်းဟာ စာချုပ်ပါ အချက်အလက်တွေကို ပြည်သူလူထုသိမှသာ အကောင်း၊ အဆိုးဝေဖန်မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ပြည်သူတွေရဲ့သဘောထားနဲ့ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ ဒီနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက ဆိုပါတယ်။

 

“မြစ်ဆုံဆည်ရဲ့ ကောင်းကျိုး၊ဆိုးကျိုးထက် အစိုးရအနေနဲ့ ဘာကိုပဲလုပ်လုပ် ပြည်သူလူထုရဲ့ သဘောဆန္ဒကို အလေးထားစေချင်တယ်လို့တော့ ပြောချင်ပါတယ်။ အခုလည်း ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဒါမှလည်း ပြည်သူတင်ထားတဲ့ အစိုးရဆိုတဲ့ အင်္ဂါရပ်နဲ့ အညီဖြစ်မှာပေါ့။”လို့  မေတ္တာကမ်ပိန်းမှ ဦးညီညီကျော်က ပြောပါတယ်။

 

ဧရာဝတီ မြစ်ဆုံဆည်နဲ့ပတ်သက်ပြီး စာချုပ်ကို ၁၉၉၆ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က သဘောတူ လတ်မှတ်ရေးထိုးခဲ့ကြတာလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြစ်ဆုံဆည်စီမံကိန်း စာချုပ်နဲ့ ပတ်သက်လို့ အစိုးရဖွဲ့နိုင်ပါက ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာချပြမယ်လို့ ပြောဆိုမှုတွေရှိခဲ့ပေမယ့်လည်း အခုအချိန်ထိ ချပြခြင်းမရှိသေးတဲ့အတွက် အခုလို လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ရတာလို့ ဆိုကြပါတယ်။

 

နောက်ပိုင်းမှာလည်း ဧရာဝတီ မြစ်ဆုံဆည်နဲ့ပတ်သက်ပြီး လုံးဝဖျက်သိမ်းသင့်ကြောင်းပါဝင်တဲ့ လက်ကမ်းစာဆောင်တွေကို မန္တလေးမြို့လူစည်ကားရာနေရာတွေနဲ့ အခြားမြို့ကြီးတွေမှာ ဆက်လက်ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

 

#voiceofmyanmar  # ဧရာဝတီမြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးလှုပ်ရှားမှု #လက်ကမ်းစာဆောင်တွေဖြန့်ဝေ   # မန္တလေးမြို့#မြစ်ဆုံဆည်စီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးကွန်ယက် #မြစ်ဆုံဆည်စီမံကိန်းစာချုပ် # ၁၉၉၆ ခုနှစ် #

 

Related posts

Leave a Comment

VOM News

FREE
VIEW