မီတာခတွေ တိုးမြင့်လာပြီးနောက် လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲသူတွေကို အရေးယူမယ်

နေပြည်တော်၊ ဇူလိုင် – ၄ -၂၀၁၉

ကိုထွန်း(VOM)

 

လျှပ်စစ်ဓါတ်အားသုံးစွဲခတွေ တိုးမြင့်လာပြီးနောက် လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲတာတွေ၊ ဝန်ထမ်းတွေနဲ့ပေါင်းပြီး မသမာမှုလုပ်တာတွေကို အရေးယူသွားမယ်လို့ ဒီနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း အခမ်းအနားက သိရပါတယ်။

 

“လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲတာကို ကျနော်တို့ သိလို့ ဖမ်းတာရှိသလို ပြည်သူနဲ့ပူးပေါင်းပြီး ဖေါ်ထုတ်မှုတွေလည်း လုပ်ရပါမယ်။ အဲ့လိုမသမာမှုတွေ လုပ်နေတာကို သိရင် ကျနော်တို့ဆီကို ချက်ချင်း သတင်းပေးပါ။ သတင်းပေးသူကို လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းက ပါဝင်ပတ်သက်နေရင်လည်း ထိရောက်စွာ အရေးယူမှာ ဖြစ်သလို သုံးစွဲသူကိုလည်း ထိရောက်စွာ အရေးယူသွားပါမယ်။” လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။

 

လျှပ်စစ်ဓါတ်အားသုံးစွဲခတွေကို ဇူလိုင် ၁ ရက်က စပြီး ပြောင်းလဲကောက်ခံဖို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထုတ်ပြန်ခဲ့ရာမှာ သတ်မှတ်နှုန်းထားတွေတိုးမြင့်လာတာ ဖြစ်တဲ့အတွက် စက်မှုလုပ်ငန်းရှင်တွေနဲ့ ဌာနဝန်ထမ်းတွေ ပေါင်းပြီး မသမာမှု ဆောင်ရွက်နိုင်တဲ့ကိစ္စတွေ ရှိလာနိုင်ပါတယ်။

 

ဒီလို ပြောင်းလဲကောက်ခံမှုနောက်မှာ ပေါ်လာမယ့် အကျိုးဆက်တွေကို စီမံကွပ်ကဲနိုင်ဖို့ အစီအမံတွေ၊ မီတာမြန်မြန်ဖတ်ဖို့နဲ့ အချိန်မီဖတ်ရှုဖို့တွေအတွက် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ ခရိုင်က လျှပ်စစ် အင်ဂျင်နီယာတွေကို ခေါ်ယူပြီး မှန်မှန်ကန်ကန် မီတာဖတ်ဖို့ ယူနစ်တွေကို တိတိကျကျ ဖတ်ဖို့ ညွှန်ကြားထားတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောပါတယ်။

 

အခုလို လျှပ်စစ်ဓါတ်အားသုံးစွဲခနှုန်းတွေ တိုးမြင့်လာတာကြောင့် ပြည်သူတွေအကြားမှာတော့ ဝေဖန်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေနဲ့ လှုပ်ရှားမှုတွေ အများအပြားရှိနေပါတယ်။

 

“၂၀၂၁-၂၂ မှာဆိုရင် တွက်ချက်မှုတွေအရ တစ်ယူနစ်ကို ထုတ်လုပ်မှုကန်ကျစရိတ်က ၁၄၈ ကျပ်လောက်ထိ တိုးလာမှာဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်အတွက် မျှော်မှန်းပြီး ဓါတ်အားခကို တိုးမြှင့် ကောက်ခံရခြင်းဖြစ်ပါတယ်။” လို့ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ဆိုပါတယ်။

 

လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုအတွက် ကုန်ကျစရိတ်က ၂၀၁၈-၁၉ မှာ တစ်ယူနစ်ကို နိုင်ငံပိုင် ရေအားဆိုရင် ၁၃.၅၈ ကျပ်၊ သဘာဝဓါတ်ငွေ့ဆိုရင် ၁၇၅ ကျပ်၊ ပုဂ္ဂလိကပိုင်ဆိုရင် ရေအားလျှပ်စစ်အတွက် တစ်ယူနစ်ကို ၅၇ ကျပ်၊ သဘာဝဓါတ်ငွေ့ဆိုရင် ၁၇၀ ကျပ်၊ ဂတ်စ် အင်ဂျင်ဆိုရင် ၂၀၄ ကျပ်၊ ကျောက်မီးသွေးဆိုရင် ၁၂၂ ကျပ်၊ ဆိုလာဆိုရင် ၂၂၄ ကျပ် ကုန်ကျပြီး အဲဒီအတွက် ပျမ်းမျှယူရရင် တစ်ယူနစ်ကို ၁၁၄ ကျပ်လောက် ကုန်ကျတာကြောင့် နှစ်အလိုက် လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံတော် ဘဏ္ဍာငွေကနေ စိုက်ထုတ်သုံးစွဲနေရတယ်လို့ ဒီနေ့ ထုတ်ပြန်ပွဲက သိရပါတယ်။

 

ကုန်ကျငွေ အနေနဲ့ဆိုရင် ၂၀၁၄- ၁၅ မှာ ၁၂ ဘီလီယံခန့်၊ ၂၀၁၅-၁၆ မှာ ၄၅၄ ဘီလီယံ၊ ၂၀၁၆-၁၇ မှာ ၃၅၁ ဘီလီယံ ၂၀၁၇-၁၈ မှာ ၄၀၀ ဘီလီယံ စိုက်ထုတ်သုံးစွဲခဲ့ရပြီး အခု၂၀၁၉ မှာ ၈၀၀ ဘီလီယံကျော် ထုတ်သုံးစွဲရမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက “ဒီနှစ်ဓါတ်အားလိုအပ်ချက်က မဂ္ဂါဝပ်လေးထောင်ကျော်လောက် လိုအပ်ပါတယ်။ ထုတ်လုပ်မှုက ၃၅၈၀ သာထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် တချို့နေရာတွေမှာ ဝန်အားလျော့နည်းခဲ့တာ အားလုံးအသိပါ။ ၂၀၃၀ မှာဆိုရင် ဓါတ်အားလိုအပ်ချက်က ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်လာမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

 

အခုလို ဓါတ်အားခနှုန်းထားပြောင်းလဲကောက်ခံမှုကြောင့် ရေရှည်တိုးတက်ကောင်းမွန်တဲ့ တိုးချဲ့ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ မဟာဓါတ်အားလိုင်းစနစ်က လျှပ်စစ်ဓါတ်အား မရရှိသေးတဲ့ ဒေသတွေမှာ လျှပ်စစ်ဓါတ်အားရရှိဖို့ ၊ ဓါတ်အားထုတ်လုပ်တဲ့ စွမ်းအား ပိုမိုတိုးတက်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ဖို့တွေအတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဦးတင်မောင်ဦးက ဆိုပါတယ်။

 

#voiceofmyanmar # မီတာခတွေတိုးမြင့်လာ #လျှပ်စစ်ဓါတ်အားခိုးယူသုံးစွဲသူတွေကိုအရေးယူမယ် # လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန #နေပြည်တော်

 

Related posts

Leave a Comment

VOM News

FREE
VIEW