ရခိုင်အမျိုးသားပါတီဗဟိုကော်မတီဝင်တစ်ဦးဖမ်းဆီးခံရ

 

 

မြေပုံ၊ဇူလိုင်၂၂-၂၀၁၉

ခိုင်လင်းစံ(VOM)

 

မြေပုံမြို့နယ်ရခိုင်အမျိုးသားပါတီရဲ့မြို့နယ်အလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နုအေးဟာ ဒီကနေ့မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်။

 

ဒေါ်နုအေးဟာမြေပုံမြို့နယ်သဲတန်းရပ်ကွက်မှာနေထိုင်သူတစ်ဦးဖြစ်ပြီးဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)နဲ့အမှုဖွင့်ခံထားတာကြောင့်ပြည်နယ်ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ကြောင်းနဲ့ဘာကြောင့်အမှုဖွင့်ခံထားရတယ်ဆိုတာကိုမသိရသေးဘူးဆိုပါတယ်။

 

“ဒီကနေ့မနက်ပိုင်း၈နာရီလောက်မှာကျွန်တော်တို့ပါတီကဒေါ်နုအေးကိုပြည်နယ်ရဲတပ်ဖွဲ့ကလာဖမ်းသွားတယ်လို့သိရတယ်။သူ့ကိုဖမ်းတာကဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)နဲ့ပြည်နယ်ကအမှုဖွင့်ပြီးတော့လာဖမ်းတယ်လို့သိရပါတယ်။ဘယ်ကိစ္စနဲ့အဲ့ဒီပုဒမနဲ့အမှုဖွင့်ခံရတယ်ဆိုတာကိုတော့မသိရသေးဘူး။”လို့မြေပုံမြို့နယ်အမှတ်၂ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဝင်းကပြောပါတယ်။

 

ဖမ်းဆီးရတဲ့ဒေါ်နုအေးဟာရခိုင်အမျိုးသားပါတီမြေပုံမြို့နယ်ရဲ့အလုပ်အမှုဆောင်တစ်ဦးဖြစ်သလိုပါတီရဲ့ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။

 

အခုလိုပါတီဗဟိုကော်မတီဝင်တစ်ဦးကိုဖမ်းဆီးရတာနဲ့ပတ်သက်လို့မြေပုံမြို့နယ်ရဲစခန်းမှူးဒုရဲမှူးအောင်သန်းဇော်ဆီကိုဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့်ဖုန်းလက်ခံပြောဆိုခြင်းမရှိတဲ့အတွက်ဖြစ်စဉ်နဲ့ပတ်သက်လို့မသိရှိခဲ့ရတာဖြစ်ပါတယ်။

“သူကကျွန်တော်တို့ပါတီမှာလုပ်သလို။ရခိုင်အမျိုးသမီးများအစည်းအရုံးRWU မှာလည်းလုပ်ပါတယ်။သူ့ရဲ့facebook အကောင့်မှာလည်းသူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တာကလွဲလို့တခြားနိုင်ငံရေးနဲ့ပတ်သက်တာတွေတင်တာတော့မတွေ့မိဘူး။ကျွန်တော်တို့မကြားမိတဲ့ကိစ္စတွေများရှိလားတော့မသိဘူး။သူ့ကိုဖမ်းဆီတာနဲ့ပတ်သက်လို့လည်းပါတီကိုရဲတပ်ဖွဲ့ကတရားဝင်အကြောင်းကြားခဲ့တာတွေလည်းမရှိခဲ့ဘူး။”လို့ဦးအောင်ဝင်းကဆက်လက်ပြောကြားပါတယ်။

 

အခုလိုပါတီဗဟိုကော်မတီဝင်တစ်ယောက်ကို၆၆(ဃ)နဲ့အမှုဖွင့်ပြီးတော့ဖမ်းဆီးရတဲ့ကိစ္စနဲ့ပတ်သက်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူစည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်ဆီကိုဆက်သွယ်ခဲ့ရမှာတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့သူ့အနေနဲ့ဘာမှမသိရှိသေးကြောင်းပြန်လည်ပြောဆိုထားပါတယ်။

 

လောလောဆယ်မှာ ဒေါ်နုအေးကို စစ်ဆေးနေပြီး အာမခံပေးမပေး မသိရသေးပါဘူး။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #မြေပုံ #ရခိုင်အမျိုးသားပါတီ #၆၆ဃ

Related posts

Leave a Comment

VOM News

FREE
VIEW