ကျောက်တော်မှာ ဒေသခံတွေရဲ့လယ်ယာမြေကို တပ်ကအသုံးပြုနေတယ်ဆိုတဲ့အပေါ် တပ်ကငြင်းဆို

နေပြည်တော်၊ သြဂုတ် ၂ -၂၀၁၉

ကိုထွန်း(VOM)

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောင်းတောင်ခြေရင်းမှာရှိတဲ့ အမှတ် ၃၇၇ အမြောက်တပ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသခံတွေရဲ့လယ်ယာမြေကို အဲဒီတပ်ကအသုံးပြုနေတယ်ဆိုတဲ့စွပ်စွဲချက်အပေါ် တပ်မတော်ကလည်း အသုံးပြုနေတာမရှိဘူးလို့ ငြင်းဆိုပါတယ်။

 

“အောက်ခြေမှာ တကယ်တမ်း အခုလို ဖြစ်နေရိုးမှန်ရင်တော့ သက်ဆိုင်ရာမြေစာရင်းဦးစီးနဲ့ ထွေအုပ်ရဲ့တာဝန်သာ ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာကတော့ ပတ်သက်လုပ်ကိုင်ခြင်း မရှိပါဘူး။”လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောဆိုခဲ့တာပါ။

 

အမှတ် ၃၇၇ အမြောက်တပ်အနေနဲ့ ၂၀၀၈၊ ၂၀၀၉ ခုနှစ်က တပ်ပိုင်မြေအဖြစ် ချထားပေးဖို့ ၃၄၈.၇၉ ဧကကို လျှောက်ထားခဲ့ရာ နိုင်ငံတော်ကနေ ၃၀၀.၈၄ ဧကကို ပြန်လည်ချထားပေးခဲ့ပြီး ၄၇.၉၅ ဧက,ကတော့ ဒေသခံတွေ လုပ်စားနေတဲ့ လယ်ယာဥယျာဉ်မြေဖြစ်တာကြောင့် ခွင့်ပြုမပေးခဲ့ဘူးလို့ သိရပါတယ်။

 

ဒါပေမယ့် အဲဒီမြေဧကပေါ်မှာ တပ်ပိုင်မြေအဖြစ် အသုံးပြုနေတာကြောင့် ပြန်လည်စိစစ်ပြီး မူလပိုင်ရှင်တွေလက်ထဲကို လွှဲပြောင်းပေးဖို့ အစီအစဉ်ရှိမရှိ ကျောက်တော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက နေပြည်တော်မှာ ဒီနေ့ သြဂုတ် ၂ ရက် မနက်ပိုင်း ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

 

“လျှောက်ထားစဉ်ကပါတဲ့ ၄၇.၉၅ ဧကဟာဒေသခံတွေ လုပ်စားနေတဲ့ လယ်ယာဥယျာဉ်မြေဖြစ်တာကြောင့် ခွင့်ပြုမိန့်ထဲမှာ ပါလာတာမတွေ့ရပါ။ ဒါပေမယ့် အဲဒီ ၄၇. ၉၅ ဧကကို စတင်လျှောက်ထားတဲ့နှစ်ကတည်းက တပ်က လယ်ယာမြေအဖြစ်နဲ့ လုပ်နေကြောင်း ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။” လို့ ဆိုပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်ကတော့ လက်ရှိအချိန်အထိ အဲဒီမြေကို တပ်မြေအဖြစ် အသုံးပြုတာမရှိသလို အသုံးမပြုကြောင်းကိုလည်း ၂၀၁၉ ဧပြီက ကွင်းဆင်းစစ်ဆေးပြီး ဒေသခံတွေကို ရှင်းလင်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားစာတွေ ရောက်လာတဲ့အခါမှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ကို တာဝန်ပေးတာရှိသလို တိုင်း၊ မြို့နယ်မြေစာရင်းက တာဝန်ရှိသူတွေ၊ တပ်ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေနဲ့ သွားရောက်စစ်ဆေးလေ့ရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်လေ့ရှိတယ်လို့ ပြောပါတယ်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကတော့ “ဒါပေမယ့် ဒီနေ့မနက်အထိ မူလပိုင်ရှင်တွေ လက်ထဲ မရောက်သေးပါဘူး။ တပ်ကလယ်မြေအဖြစ်လုပ်နေဆဲလို့ ပြောပါတယ်။ ဒါကြောင့် အောက်ခြေနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိမရှိ။” လို့ ထပ်မံ ပြောဆိုခဲ့ပါတယ်။

 

#voiceofmyanmar #ရခိုင် #ကျောက်တော် #မြေယာအငြင်းပွား #တပ်မတော်နဲ့ဒေသခံ

 

Related posts

Leave a Comment

VOM News

FREE
VIEW