မန္တလေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်တစ်ဦး ဓားခုတ်ခံရ

မန္တလေး၊ ဩဂုတ် ၁၄ -၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ထဲက လက်ဖက်ရည်ဆိုင်တစ်ခုမှာ  NLD ပါတီ ခရိုင်အလုပ်အမှုဆောင်တစ်ဦး ဓားခုတ်ခံခဲ့ရပါတယ်။

 

မနေ့ ဩဂုတ်လ ၁၃ ရက် ညပိုင်းက ၈၉ လမ်း ၁၇၊၁၈ လမ်းကြားက လက်ဖက်ရည်ဆိုင်မှာ NLD ပါတီ ခရိုင်အလုပ်အမှုဆောင် ဦးမျိုးလွင်နဲ့ ပါတီဝင်၂ ဦး စကားပြောနေတဲ့အချိန် လူငယ်ငါးဦး ဝင်ရောက်လာပြီး ဦးမျိုးလွင်ကို ဓားနဲ့ခုတ်ခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 

” ဆိုင်ကယ်နှစ်စီးနဲ့ လူငယ် ၅ ယောက်လောက် ရောက်လာပြီး ‘ချဟ၊ ချဟ ခုတ်ဟ ခုတ်ဟ’ ဆိုပြီး ဝင်လုပ်တဲ့အချိန် ဓားပါတဲ့ တစ်ယောက်က ဦးမျိုးလွင်ကို ခုတ်လိုက်ပြီး ဆိုင်ကယ်ပေါ်အားလုံးတက်ပြီး မောင်းပြေးသွားတာပါ။” လို့ မျက်မြင်တွေ့ရှိသူ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက် NLD မှ ရပ်ကျေး ဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောပါတယ်။

 

အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၅ ဦးက ဓားနဲ့ခုတ်၊ လက်သီးနဲ့ထိုးတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဦးမျိုးလွင်မှာ ယာဘက် လက်ညိုးပြတ်ရှ၊ ဝဲဘက် တံတောင်ပြတ်ရှ(မစိုးရိမ်ရ)ဒဏ်ရရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာ ပို့ဆောင်ကာ ကုသမှုပေးထားပါတယ်။

 

ဦးမျိုးလွင်ကို ဓားနဲ့ခုတ်သွားသူ လူငယ်တွေကို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းမှုတွေ ပြုလုပ်နေပြီး အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၁၄/၃၂၃/၃၂၄ တို့နဲ့ ဦးထွန်းထွန်းက တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မန္တလေး #Nldပါတီဝင်

Related posts

Leave a Comment

VOM News

FREE
VIEW