ရခိုင်မြောက်ပိုင်းက မြို့နယ် လေးခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ အင်တာနက်ပြန်လည်ဖွင့်ပေး

စစ်တွေ၊ စက်တင်ဘာ ၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၈ မြို့နယ်အတွင်းမှာ အင်တာနက်လိုင်းတွေကို ပိတ်ထားခဲ့တာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းက လေးမြို့နယ်နဲ့ ပလက်ဝမြို့နယ်တွေကို ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

 

နှစ်လကျော်ခန့်အကြာ အင်တာနက်သုံးစွဲခွင့် ပိတ်ပင်ခံနေခဲ့ရပြီး ပြန်လည်သုံးစွဲခွင့်ရရှိခဲ့တဲ့မြို့နယ်တွေကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေဖြစ်ကြပါတယ်။

 

“ကျွန်တော်တို့ဆီမှာ ဒီနေ့မနက်ကစပြီးတော့ အင်တာနက်လိုင်းတွေပြန်ရပါတယ်။ အခုလို အင်တာနက်အသုံးပြုခွင့်ရရှိတဲ့အတွက် သတင်းတွေကို လျင်မြန်စွာသိရတယ်။ ဒါကြောင့် အလုပ်အကိုင်တွေလည်း ပြန်ပြီးတော့ အဆင်ပြေလာမယ့်သဘောရှိပါတယ်။”လို့ မောင်တောမြို့ခံ ဦးမောင်ဝင်းသိန်းကပြောပါတယ်။

 

လက်ရှိမှာ အင်တာနက်သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပြင် တခြားနည်းပညာဆိုင်ရာ အသိပညာတွေကို အွန်လိုင်းကိုအသုံးပြုလေ့လာနေကြရတာဖြစ်တဲ့အတွက် အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခံထားရတဲ့အချိန်မှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေခဲ့ကြရတယ်လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် အခုလိုမျိုး အင်တာနက်လိုင်းတွေကို ပြန်လည်ဖွင့်ပေးဖို့အတွက် ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း အဆိုတင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မြို့နယ်အားလုံးမှာ ပြန်လည်ဖွင့်ပေးဖို့အတွက် အတည်ပြုထားတာရှိတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

 

“ကျွန်တော်တို့ကတော့ လွှတ်တော်မှာဒါနဲ့ပတ်သက်လို့ ဆွေးနွေးအတည်ပြုထားတာပါ။ မြို့နယ်အားလုံးကို ပြန်လည်ပြီးတော့ အင်တာနက်တွေဖွင့်ပေးဖို့အတွက် အတည်ပြုခဲ့ကြတာပါ။ အခုက လေးမြို့နယ်တည်းဖွင့်ပြီးတော့ ကျန်တဲ့မြို့နယ်တွေကိုမဖွင့်တာဟာ တရားမျှတမှုမရှိဘူးလို့မြင်ပါတယ်။”လို့ ဦးထွန်းအောင်သိန်းကပြောပါတယ်။

 

အင်တာနက်လိုင်းတွေကို ပိတ်ထားခဲ့တဲ့အတွက် ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းတွေအပြင် အစိုးရဌာနဆိုင်ရာတွေအနေနဲ့လည်း သတင်းအချက်အလက်ရရှိမှုတွေမှာ နှောင့်နှေးကြံ့ကြာမှုတွေရှိခဲ့ပြီး အဆင်မပြေမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အင်တာနက်လိုင်းတွေကို တချို့မြို့နယ်တွေမှာ ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပေမယ့် အရင်ကလောက် အဆင်မပြေကြောင်းနဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာတော့ ဆက်လက်ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

 

#voiceofmyanmar  #အင်တာနက်လိုင်းပြန်ဖွင့် #ရခိုင်ပြည်နယ်

 

Related posts

Leave a Comment

VOM News

FREE
VIEW