မန္တလေး စက်တင်ဘာ ၁၆
ဖြူဖြူ (VOM)
အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ပက်ပြီး အခန်းတွင်းပိတ်လှောင်ထားခဲ့တဲ့အမှုက တရားခံနှစ်ဦးကို အလုပ်နဲ့  ထောင်ဒဏ် ၁၅ နှစ်စီကျခံဖို့ ဒီနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ မန္တလေးခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
အခုအမိန့်နဲ့ ပတ်သက်ပြီး မန္တလေး ခရိုင်တရားရုံး ပြန်ကြားရေး အရာရှိဒေါ်မာလာထွဋ်က “တစ်တရားခံဖြစ်တဲ့ ဒေါ်နီနီနုနွယ်က ထောင်ကျတရားခံဖြစ်တဲ့အတွက် ဒီအမှုမှာတော့ ချုပ်ရက်ခံစားခွင့်မရှိတော့ပါဘူး။ နှစ်တရားခံဖြစ်တဲ့ ဒေါ်မိုးမိုးကတော့ ထုတ်နုတ်ခံစားခွင့်ရှိပါတယ်။”လို့ ပြောပါတယ်။
အမှုဖြစ်စဉ်မှာ ၂၀၀၈ ခုနှစ်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်နေ ဒေါ်မိုးမိုးဆိုသူဟာ သူ့ကုန်စုံဆိုင်မှာ အလုပ်ခိုင်းဖို့ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာနေသူ မနန်းမေဇင်ဦးကို ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၂ လလောက်အကြာမှာ ကုန်စုံဆိုင် နားလိုက်ရတဲ့အတွက် အိမ်အကူအဖြစ် ဆက်လက် ခိုင်းစေခဲ့တာပါ။
၂၀၁၀ ခုနှစ်မှာတော့ အိမ်ရှင် ဒေါ်မိုးမိုးနဲ့ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်တို့နှစ်ဦးဟာ မနန်းမေဇင်ဦး ရေချိုးနေစဉ် အက်ဆစ်နဲ့ပက်ခဲ့တဲ့တာကြောင့်ခန္ဓာကိုယ် တစ်ခြမ်း လောင်ကျွမ်းခဲ့ပြီး မျက်စေ့တစ်ဖက်ကွယ်၊ နားတစ်ဖက်မကြား၊ ပါးစပ်တစ်ခြမ်း ပျက်စီးပြီး လက်တစ်ဖက်ကွေးဆန့်မပြုနိုင်တော့ပေမယ့် ဆေးကုသမှုမရရှိတဲ့အပြင် အခန်းအတွင်းပိတ်လှောင်ခံခဲ့ရပါတယ်။
ဒါ့အပြင် ခေါ်ဆောင်ခဲ့စဉ်က တစ်လ တစ်သောင်းနှုန်းပေးဖို့သဘောတူခဲ့တဲ့ လုပ်ခလစာတွေလည်း အပြည့်အ၀ ပေးဆောင်တာမရှိဘူးလို့ သိရပါတယ်။
၂၀၁၈ ခုနှစ် မတ်လ ၁ ရက်မှာတော့ မနန်းမေဇင်ဦးဟာ အဲ့ဒီအိမ်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး အမျိုးသမီး ရေးရာကော်မတီနဲ့ ဆက်သွယ်ကာ ပုသိမ်ကြီးမြို့နယ် အောင်ပင်လယ်ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။
အဲဒီနောက် ဒေါ်မိုးမိုးနဲ့ ဒေါ်နီနီနုနွယ်တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၄ နဲ့ တရားစွဲဆိုခဲ့သလို အပြင်းအထန် နာကျင်စေမှုတွေနဲ့လည်း တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ကျူးလွန်သူ ဒေါ်မိုးမိုးနဲ့ ဒေါ်နီနီနုနွယ်တို့နှစ်ဦးထဲက ဒေါ်နီနီနုနွယ်ဟာ အပြင်းအထန်နာကျင်စေမှု ကျူးလွန်ကြောင်း ပေါ်ပေါက်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ ထောင်ဒဏ် ၇ နှစ် ကျခံဖို့ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ချမ်းမြသာစည်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခံထားရပြီးဖြစ်လို့ ချုပ်ရက် ခံစားခွင့်မရှိဘဲ ဒေါ်မိုးမိုးကတော့ ချုပ်ရက် ခံစားခွင့်ရှိတယ်လို့ ခရိုင်တရားရုံးက အမိန့်ချခဲ့ပါတယ်။
#voiceofmyanmar #မန္တလေး #အိမ်အကူကိုအက်ဆစ်နဲ့ပက်မှု #ခရိုင်တရားရုံး