တရုတ်ခရီးသွား ၇၀၀၀ ကျော်အနက် တစ်ဦးကို ကျပ်ငွေ သုံးသိန်းခွဲကျော်သုံးစွဲတယ်လို့ ရန်ကုန်တိုင်းအစိုးရထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၈-၂၀၂၀
အောင်ထူးနိုင်(VOM)

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွားတွေအနက် ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်ကို ဝင်ရောက်ခဲ့တဲ့ ခရီးသွားဦးရေ ၃၄၄၂၆၈ ဦးအနက် ၇၃၈၅ ဦးကို စိစစ်ကြည့်ရာ တစ်ဦးကို ကျပ်ငွေ ၃၅၆၀၀၀ နှုန်း သုံးစွဲခဲ့တာ တွေ့ရတယ်လို့ ရန်ကုန်တိုင်းအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ဒဂုံမဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစပြီး ဇီးရိုးဘတ်ဂျက် ဒေါ်လာခရီးသွား လုပ်ငန်းအစီအစဉ်နဲ့ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားသား ခရီးသွားဦးရေ မည်မျှရှိကြောင်းနဲ့ တိုင်းဒေသကြီးအတွက် အဲဒီခရီးသွားလုပ်ငန်းမှ ၂၀၁၉ ခုနှစ်အတွင်းမှ ဒီနေ့အထိ စုစုပေါင်းအခွန်အခဝင်ငွေ မည်မျှရရှိသည်ကို သိရှိလိုပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း ဇီးရိုးဘတ်ဂျက် ဒေါ်လာခရီးသွားလုပ်ငန်းအစီအစဉ်မှ ဒေသခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ဆက်စပ်တဲ့ တိုင်းရင်းသား လုပ်ငန်းရှင်တွေအတွက် မျှတစွာအကျိုးခံစားခွင့်ရရှိအောင် မည်ကဲ့သို့စီမံဆောင်ရွက်ပေးနိုင်မလဲဆိုတာကို သိရှိလိုပါတယ်”လို့ မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

“ခရီးသွားလုပ်ငန်းက ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် အာဆီယံဒေသတွင်းနိုင်ငံတွေသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်မှုရှိပြီး ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာရေးအတွက် ထိရောက်တဲ့ အစီအမံတွေ ရေးဆွဲဆောင်ရွက်နေပါတယ်”လို့ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတစ်ခုမှ ဧည့်သည်ဝင်ရောက်မှုအဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ (၇၄၉၇၁၉) ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးသို့ (၃၄၄၂၆၈) ဦးဝင်‌ရောက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါလမှ ဒီဇင်ဘာလအထိ ဖြေလျော့ပေးခဲ့တဲ့ ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်)နဲ့ ရန်ကုန်ဝင်ပေါက်မှ ဝင်ရောက်မှုမှာ (၁၃၅၅၈၅)ဦးရှိခဲ့တာ‌ဖြစ်ပြီး ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်)နဲ့ ဝင်ရောက်မှုမှာ (၃၉)%တွေ့ရှိရတယ်လို့ ဝန်ကြီးက ပြောပါတယ်။

၂၀၁၈ ခုနှစ် ကာလတူ (ဇန်နဝါရီလမှ ဒီဇင်ဘာလထိ)နှိုင်းယှဉ်ပါက အိမ်နီးချင်းနိုင်ငံတစ်ခုမှဧည့်သည်တွေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်မှုမှာ (၇၃)% တိုးတက်လာတယ်လို့ သိရပါတယ်။

ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်မှုကို လေ့လာသုံးသပ်တဲ့အနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ညီနောင်အသင်းတာဝန်ရှိသူတွေ ပူးပေါင်းပြီး ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုအခြေအနေနဲ့ ကုမ္ပဏီတွေက လိုက်ပါဆောင်ရွက်မှု အခြေအနေတွေကို ကွင်းဆင်းဆောင်ရွက်ချက်အရ အိမ်နီးချင်းနိုင်ငံတစ်ခုမှ ဧည့်သည်ဝင်ရောက်မှုအခြေအနေ၊ အိမ်နီးချင်းနိုင်ငံတစ်ခုမှဧည့်သည်ကို အဓိကဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေရဲ့ စာရင်းဇယားက ခရီးသွားဧည့်ဝန်ဆောင်မှုစရိတ်ကောက်ခံရာမှာ အရင်က Cash on Arrival ကို အဓိကဆောင်ရွက်ကြပေမယ့် အခုအခါ ICBC ကဲ့သို့ နိုင်ငံတကာဘဏ်တွေနဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ်‌တွေကနေတဆင့် ငွေလွှဲရယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အိမ်နီးချင်းနိုင်ငံတစ်ခုက ဧည့်သည်တွေဟာ ရန်ကုန်မြို့ရှိ အလယ်အလတ်အဆင့်ရှိတဲ့ ဟိုတယ်တွေမှာတည်းခိုကြပြီး တရုတ်စားသောက်ဆိုင်မှာသာ စားသောက်ကြကာ သယ်ယူပို့ဆောင်ရေးအတွက် ကားငှားရမ်းရာမှာလည်း ဧည့်သည်ဦးရေအပေါ်မူတည်ပြီး ကားအမျိုးအစား ရွေးချယ်ငှားရမ်းသုံးစွဲကြတယ်လို့ ဝန်ကြီးကပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတစ်ခုကဧည့်သည်ကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုကိုရွေးချယ် စိစစ်ချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း (အောက်တိုဘာလမှ ဇူလိုင်လအထိ) ခရီးသွားဧည့်သည် (၇၃၈၅) ဦးကို ဝန်ဆောင်မှုပေးခဲ့ပြီး စုစုပေါင်းဝင်ငွေရရှိမှုမှာ (၂၆၃၄)သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ရငွေထဲမှ တည်းခိုဖို့အတွက် (၁၁၈၇)သန်း၊ အစားအသောက်အတွက် (၅၅၈)သန်း၊ ကားငှားရမ်းခအတွက်(၄၁၉)သန်း၊ ဧည့်လမ်းညွှန် ငှားရမ်းခအတွက် (၂၇)သန်း၊ Entrance Feel အတွက် (၂၇)သန်း၊ ပြည်တွင်း လေယာဉ်လက်မှတ်ခ(၁၃၈)သန်းတို့ကို ကျခံသုံးစွဲခဲ့ပြီး တည်းခိုဖို့အတွက် (၁၁၈၇)သန်း ပေးချေခဲ့ရာ ရငွေရဲ့ (၄၅)%ကို အသုံးပြုခဲ့တာ တွေ့ရှိရတယ်လို့ ဝန်ကြီးက ပြောပါတယ်။ သွားလာ ပို့ဆောင်ခရီးစရိတ်အဖြစ် (၅၅၇)သန်းကို သုံးစွဲခဲ့ပြီး ရငွေ၏ ၂၁% သုံးစွဲခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်ခရီးသွားဧည့်သည် (၇၃၈၅)ဦးနဲ့ ရငွေ(၂၆၃၄)သန်းကို အချိုးချပါက တစ်ဦးကို ကျပ်ငွေ ၃၅၆၀၀၀ နှုန်းခန့် သုံးစွဲခဲ့တာကို တွေ့ရှိရတယ်လို့ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #တရုတ်ခရီးသွားဧည့်သည် #အသုံးစရိတ်

Related posts

Leave a Comment

VOM News

FREE
VIEW