ပဲခူးတိုင်းမှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေတဲ့အတွက် လူစုလူဝေးနဲ့ မဲဆွယ်တာတွေမလုပ်ဖို့ တိုင်းကျန်းမာက သတိပေး

အောက်တိုဘာ ၂၅-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပဲခူးတိုင်းမှာ ကိုဗစ်ကူးစက်မှုမြင့်တက်နေတာကြောင့် လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံရေးလှည့်လည်တာတွေကို မပြုလုပ်ဖို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က သတိပေးပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အတူ ပါတီအောင်နိုင်ရေး လူစုလူဝေးနဲ့လှည့်လည်ကြတာတွေကလည်း မြို့နယ်တိုင်းမှာ နေ့စဉ်ရှိလာနေတဲ့အပေါ် ခုလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

“ဒီအချိန်က ပိုးတွေ့မှုတွေများလာပြီ၊ ရောဂါကူးစက်တာလည်းသေချာတယ်။ ဒါကြောင့် ပဲခူးတိုင်းထဲမှာရှိတဲ့သူတွေအကုန်လုံး ကျန်းမာရေးဝန်ကြီးဌာနက ပြောထားသလိုပဲ တတ်နိုင်သမျှ အိမ်မှာနေ အပြင်မထွက်ကြနဲ့၊ မလိုအပ်ဘဲ အိမ်အပြင်ကိုမထွက်ကြပါနဲ့။ အိမ်ပြင်ထွက်ရင် လူစုလူဝေးရှောင်ပါ။ မက်စ်တပ်ပါ။ လက်ဆေးပါ။ ခပ်ဝေးဝေးနေပါ။ အဓိကက ခုလိုအချိန်မှာ လူစုလူဝေးတွေနဲ့လျှောက်သွားနေကြတာကို မလုပ်ကြပါနဲ့။ ကျနော်တို့ခနခနလည်း မေတ္တာရပ်ခံထားပါတယ်။ အဓိက ဒီအချိန်မှာ ကျန်းမာရေးက တော်တော်လေးကို အရေးကြီးနေတဲ့အချိန်ဖြစ်လို့ ဒါလေးကိုဂရုစိုက်ပေးပါ။ လူစုလူဝေးနဲ့သွားနေတာတွေကို မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံပါတယ်”လို့ ဒေါက်တာရန်နိုင်မောင်ကပြောပါတယ်။

လက်ရှိ ပဲခူးတိုင်းထဲမှာ အနံ့ပျောက်တဲ့သူတွေများလာသလို ၊ အနံ့လည်းမပျောက်သလို ရောဂါလက္ခဏာလည်း ပြသမှုမရှိတဲ့သူတွေများလာတာကြောင့် တတ်နိုင်သမျှ နေအိမ်ပြင်ပကို မထွက်ဖို့ ၊ အိမ်မှာပဲနေဖို့ ပြောဆိုသတိပေးတာလည်းဖြစ်ပါတယ်။

ပြည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝေနော်ကလည်း “ ကျနော်တို့ကတော့ မဲဆွယ်စည်းရုံးမှုတွေလျှောက်တဲ့အခါ လူ ၅၀ ထက်မပိုဖို့ ၊ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာကနေလိုက်ဖို့ ၊ မက်စ်တပ်ဖို့ ၊ လက်ခနခနဆေးဖို့ အသိပေးပါတယ်။ လိုက်နာခြင်းမလိုက်နာခြင်းကတော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေတာဝန်ဖြစ်ပါတယ်။ ဒီဟာတွေက တစ်နိုင်ငံလုံးဖြစ်နေတာ ၊ တီဗီမှာလည်း လာတယ်။ အဲ့ဒီတော့ တခြားသုံးသပ်ပြောစရာတော့မရှိပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဆိုတာက ဒိုင်ပါ။ အရေးယူပိုင်ခွင့်မရှိသလို မှားသည် မှန်သည်လည်း ဆုံးဖြတ်ခွင့်မရှိဘူး၊ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့လည်း ဘာလုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးမရှိပါဘူး။”လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ဟာ ပြဌာန်းထားတဲ့ဥပဒေ၊နည်းဥပဒေတွေအရ နိုင်ငံရေးပါတီတွေကို ကြီးကြပ်ပေးခြင်း၊ ရွေးကောက်ပွဲကျင်းပပေးခြင်း၊ ပါတီအငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပါက စေ့စပ်ညှိနှိုင်းရေးကော်မတီကနေ စေ့စပ်ညှိနှိုင်းပေးခြင်းကို မြို့နယ်အဆင့် ၊ ခရိုင်အဆင့် ၊ တိုင်းအဆင့် ၊ဗဟိုအဆင့်အထိ စေ့စပ်ညှိနှိုင်းလုပ်ဆောင်ပေးခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။

ပဲခူးတိုင်းမှာ အောက်တိုဘာလ ၂၄ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၂၃၀၀ကျော်နဲ့ စံချိန်တင်တွေ့ရှိထားတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာန ထုတ်ပြန်မှုအရသိရပါတယ်။

ပဲခူးတိုင်းထဲမှာ လူအင်အားအများဆုံးနဲ့ ပါတီအောင်နိုင်ရေးလှည့်လည် နေတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်နဲ့ ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့်ကြံ့ခိုင်ရေးပါတီကို ဝန်းရံထောက်ခံသူတွေဖြစ်ပြီး အောက်တိုဘာ ၂၆ရက်နေ့မှာလည်း NLDပါတီဝန်းရံသူတွေက ပြည်မြို့မှာ အင်အားပြလှည့်လည်တာပြုလုပ်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #လူစုလူဝေးမဲဆွယ် #ကျန်းမာရေးသတိပေး

Related posts

Leave a Comment

VOM News

FREE
VIEW