ဗန်းမော် လေကြောင်းရုံးက လူသတ်မှုကျူးလွန်သူဟာ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်နေ

အောက်တိုဘာ ၃၁-၂၀၂၀
ကိုတိုးကြီး (VOM)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ မြန်မာ့လေကြောင်းရုံးမှာနေတဲ့ လေကြောင်းရုံးမန်နေဂျာရဲ့အိမ်မှာ မနေ့အောက်တိုဘာ ၃၀ရက် နေ့လယ်ပိုင်းက လူသတ်၊ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်ကြောင့် လေကြောင်းရုံးမန်နေဂျာ ဦးအောင်ဇော်မြင့်ဦး ရဲ့ ဇနီးဖြစ်သူ အသက် (၄၅) နှစ်အမျိုးသမီးဟာ မီးဖိုခန်းအတွင်း ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့ပြီး မီးခံသေတ္တာထဲက ပိုက်ဆံ သိန်း ၂၀ လည်း ပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမည်မသိ လူ ၃ ယောက်ဟာ နေအိမ်အတွင်းဝင်ရောက်လာပြီး သူတို့ကို တိပ်ဖြင့် ရစ်ပတ်ချည်နှောင်ကာ ရိုက်နှိပ်ပြီး ပိုက်ဆံတွေ လုယူသွားတယ်လို့ သေဆုံးသူရဲ့ခင်ပွန်းဖြစ်သူကိုယ်တိုင်က ဗန်းမော်ရဲစခန်းမှာ (ပ)၂၁၂/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ / ၃၉၄ အရ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တိုင်ကြားချက်အရ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေဆောင်ရွက်တဲ့အခါ ဒီကနေ့မနက် ၁ နာရီမှာပဲ လူသတ်၊လုယက်မှုကျုးလွန်သူဟာ သေဆုံးသူရဲ့ ခင်ပွန်းကိုယ်တိုင်ဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

” လင်မယား စကားများ ရန်ဖြစ်ပြီး လက်လွန်သွားတာပါ ၊ မီးခံသေတ္တာထဲမှာ ပိုက်ဆံ ၂၀ မရှိတာကို ယုတ္တိရှိအောင်ပြောတာ ၊ သက်သေခံပစ္စည်းတွေကို ဒီမနက် သိမ်းဆည်းပြီးပါပြီ”လို့ ဗန်းမော်မြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူရဲ့ ပါးစပ်နဲ့လက်တွေကို တိပ်နဲ့ရစ်ပတ်ခံထားရတာဟာ ခင်ပွန်းဖြစ်သူ လေကြောင်းရုံးမန်နေဂျာ ဦးအောင်ဇော်မြင့်ဦးရဲ့ တပည့်ဖြစ်သူ အယ်ကျိုင်းဆိုသူက ကူညီပေးခဲ့တာဖြစ်ပြီး ပြစ်မှုကျုးလွန်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်ကိုလည်း အမှိုက်ပုံအတွင်းမှာ သွားရောက်စွန့်ပစ်ပေးခဲ့ရတယ်လို့ စစ်ဆေးပေါ်ပေါက်ချက်တွေအရ သိရပါတယ်။

Photo – ဗန်းမော်မြို့မရဲစခန်း
#voiceofmyanmar #VOM #ဗန်းမော် #လူသတ်မှု #သေဆုံးသူရဲ့ခင်ပွန်း

Related posts

Leave a Comment

VOM News

FREE
VIEW