ကိုယ့်ကံကြမ္မာကို ဖန်တီနိုင်ချင်တဲ့ တိုင်းရင်းသားဒေသပါတီတွေ

နိုဝင်ဘာ ၅-၂၀၂၀

ဆွေလင်းထွန်း(VOM)

ဘယ်တိုင်းရင်းသားပါတီနဲ့မှ မဟာမိတ်ဖွဲ့ထားတာမရှိဘူးလို့ လက်ရှိ အာဏာရ NLD ပါတီရဲ့ ပြောကြားမှုတွေနဲ့အတူသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုတွေကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ကိုယ့်ဒေသကိုကိုယ်တိုင်အုပ်ချုပ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးအတွက် ကြိုးပမ်းလာကြပါတယ်။

မြန်မာနိုင်ငံရဲ့ တောင်ဘက်အကျဆုံးဖြစ်တဲ့  မွန်၊ ကရင်နဲ့ တနင်္သာရီတို့မှာလည်း သက်ဆိုင်ရာလူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ပြင်ဆင်မှုတွေလုပ်ထားကြပြီး အနိုင်ရဖို့လည်း မျှော်လင့်နေကြပါတယ်။

မွန်ပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၇ ရွေးကောက်ပွဲကလိုမျိုး မဲထပ်မကွဲစေဖို့အတွက် ပါတီနှစ်ခုကို ပေါင်းစည်းခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ကို ပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီအဖြစ် ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်း ၃၅ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တနိုင်ငံလုံးအနေနဲ့ စုစုပေါင်း ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်း မဲပေးခွင့်ရှိသူပေါင်း ၁၇သိန်းကျော်ရှိပြီး လက်ရှိ အာဏာရပါတီဖြစ်တဲ့ NLD၊USDP နဲ့ သူရဦးရွှေမန်းဦးဆောင်တဲ့ UBP ပါတီတို့က နေရာပြည့် ၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ခုလို ပါတီနှစ်ခုပေါင်းစည်းပြီး ရွေးကောက်ပွဲဝင်တာဟာ ၂၀၁၀ နဲ့ ၂၀၁၅ က အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး မွန်ပြည်နယ် တိုးတက်ရေး လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရသူ နိုင်သန်းရွှေက ပြောပါတယ်။

နိုင်သန်းရွှေက “မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်က မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီကလွဲလို့ မလုပ်ဆောင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ၂၀၁၀ အခြေအနေကိုလည်း ကြည့်လို့ရှိရင် သိနိုင်ပါတယ်။ ၂၀၁၅ ကနေ ၂၀၂၀ကြားဆိုရင် ပိုပြီးတော့ဒုက္ခရောက်လာတယ်” လို့  VOM ကို ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းက မဲဆန္ဒနယ်အများစုမှာ အနိုင်ရခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဟာ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ရှုံးနိမ့်ခဲ့ပါတယ်။ မွန်တိုင်းရင်းသားတွေဟာ အပြောင်းအလဲကိုလိုလားတဲ့အတွက် ဒေသအခြေစိုက် တိုင်းရင်းသားပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအဖွဲ့ချုပ်ကို မရွေးချယ်ပဲ အစိုးရဖွဲ့နိုင်မယ့် NLD ပါတီကိုပဲ ရွေးချယ်ခဲ့ကြတယ်လို့ ယူဆရပါတယ်။ “The Asia Foundation” ရဲ့ စာရင်းတွေအရ NLD ပါတီအစိုးရဖွဲ့ပြီးနောက်မှာ မွန်ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေဟာ မြင့်တက်လာတယ်ဆိုပေမယ့် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မွန်၊ ဧရာဝတီ၊ ကရင်နဲ့ တနင်္သာရီတို့က ရေလုပ်သား၄၅၀၀၀ လောက်ဟာ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရပြီး အလုပ်သမား ၅၀၀၀၀ ကျော်လောက်ကတော့ထိုင်းက ရေထွက်ပစ္စည်းစက်ရုံတွေမှာ လုပ်ကိုင်နေကြရပါတယ်လို့ သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီကို မဲပေးခဲ့ကြတဲ့ မွန်ပြည်နယ်ဒေသခံတွေဟာ ၂၀၁၇ ခုနှစ်မှာတော့ မွန်ပြည်နယ်အတွင်းကမြစ်ကူးတံတားတစင်းကို အမည်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NLD နဲ့ သဘောထား ကွဲခဲ့ကြပါတယ်။ ဘီလူးချောင်းနဲ့ ချောင်းဆုံကိုဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတားကို NLD အစိုးရက ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးလိုပြီး ဒေသခံတွေကတော့ ချောင်းဆုံတံတားလို့ပဲ အမည်ပေးစေလိုတာပါ။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ သံဃာတော်တွေက “ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အလိုမရှိ” ဆိုပြီး နှစ်ကြိမ်တိတိ ဆန္ဒပြခဲ့ကြပေမယ့် NLD အစိုးရ လွှမ်းမိုးထားတဲ့ ပြည်သူ့လွှတ်တော်မှာ မွန်တိုင်းရင်းသားတဦးဖြစ်တဲ့ NLD ပါတီဝင် မိကွန်ချမ်းက အဆိုတင်သွင်းပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းတံတားလို့အမည်ပေးဖို့  လွှတ်တော်ကဆုံးဖြတ်ခဲ့ပါတယ်။ တံတားအမည်ပေးပြီးနောက်မှာလည်း‌ အမည် ပြန်ပြောင်းပေးဖို့ ဒေသခံတွေဘက်က လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

တံတားအမည်ပေးမှုအပြီး ပြုလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ချောင်းဆုံမြို့နယ်မှာ NLD ပါတီအစားပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပါတယ်။ ထူးခြားချက်က မွန်ပြည်နယ်အခြေစိုက်ပါတီနှစ်ခုဖြစ်တဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီနှစ်ခုပေါင်း မဲအရေအတွက်ဟာ အနိုင်ရ ပြည်ခိုင်ဖြိုးပါတီရခဲ့တဲ့ မဲအရေအတွက်ထက် ပိုများနေတာဖြစ်ပါတယ်။

 

ကမ္ဘာ့အကြီးဆုံး စီမံကိန်းတွေထဲက တခုဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာနိုင်ငံတောင်ပိုင်းကတနင်္သာရီတိုင်းအတွင်းမှာ ဖော်ဆောင်ဖို့ ၂၀၀၈ ခုနှစ်က မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံက အီတာလျံ-ထိုင်းကုမ္ပဏီတို့ကြားသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်တဲ့ အဆိုပါစီမံကိန်းကို ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၅၈ ဘီလျံနဲ့ စတုရန်းကီလိုမီတာပေါင်း ၂၀၀ ကျော်ရှိတဲ့ နေရာမှာ အကောင်အထည်ဖော်မှာပါ။

လျှပ်စစ်မီး တယူနစ်ကို ကျပ် ၂၀၀ နဲ့ အသုံးပြုနေရတဲ့ ဒေသတွင်းမှာ စက်ရုံအလုပ်ရုံ နည်းပါးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ရေလုပ်ငန်းသာ ဖွံ့ဖြိုးပါတယ်။ ခရီးသွားလုပ်ငန်းကလည်း အစပျိုးရုံသာ ရှိသေးပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှု နည်းပါးပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းအတွင်း အလုပ်လက်မဲ့ဦးရေဟာ တိုင်းအတွင်း လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ အဲ့ဒီအတွက် ဒေသခံတွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြရပါတယ်။ ထိုင်းလူမျိုးတွေမလုပ်လိုတဲ့ ပင်ပန်းတဲ့ စက်ရုံတွေနဲ့ ထိုင်းတောင်ပိုင်းက ရာဘာခြံတွေမှာ သွားရောက်လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး ဒေသတွင်းက ရွှေ့ပြောင်းလုပ်သားတွေ ပြန်လာနိုင်တယ်လို့ မျှော်လင့်နေကြပေမယ့် လက်တွေ့မှာတော့ကျွမ်းကျင်လုပ်သား နည်းပါးတာ၊ မြန်မာနိုင်ငံအလယ်ပိုင်းက ရွှေ့ပြောင်းလုပ်သားတွေက အစားထိုးဝင်ရောက်လာမှာတွေကိုတော့ စိုးရိမ်နေရတယ်လို့ စီမံကိန်းဧရိယာက ဒေသခံတွေက ၂၀၁၈ ခုနှစ်အတွင်း EarthRights International(ERI) အဖွဲ့ရဲ့  စစ်တမ်းကောက်ယူစဉ်မှာ‌ ပြောကြပါတယ်။

တနင်္သာရီအခြေစိုက် အားကောင်းတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတခုကို ခုချိန်ထိ ဖွဲ့စည်းနိုင်တာ မတွေ့ရသေးပါဘူး။ ၂၀၁၃ ခုနှစ် မှာ စတင်ထူထောင်ခဲ့တဲ့ ထားဝယ်အခြေစိုက် ထားဝယ်တိုင်းရင်းသားများပါတီကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်ကနေ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ထားဝယ်ဒေသခံနဲ့ထားဝယ်လူမျိုးတွေဟာ ခေတ်အဆက်ဆက်မှာ အာဏာရှင်အောက်က‌ လွတ်မြောက်ရေး၊ ဒီမိုကရေစီအရေးတို့ကို အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့ပေမယ့် ထားဝယ်ဒေသနဲ့ ထားဝယ်လူမျိုးတွေကတော့ နောက်ကျကျန်ခဲ့တဲ့အတွက်ဒေသဖွံ့ဖြိုးဖို့၊ လူမျိုးဂုဏ်မြင့်ဖို့ဆိုရင် ထားဝယ်တိုင်းရင်းသားပါတီကို မဲပေးဖို့လိုတယ်လို့ အဆိုပါပါတီရဲ့ ဒုဥက္ကဌဖြစ်တဲ့ ဦးမောင်မောင်အေးက ၎င်းတို့ပါတီ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တွေကို နိုင်ငံပိုင်ရုပ်သံကနေ ဟောပြောစဉ်မှာ ပြောကြားခဲ့ပါတယ်။ဟောပြောရာမှာ ပါဝင်မယ့် အကြောင်းအရာအချို့ကို ဆင်ဆာလုပ်ခံရပြီးမှ နိုင်ငံပိုင်ရုပ်သံကတဆင့် ဟောပြောခွင့် ရခဲ့တာပါ။

ဦးမောင်အေးက “ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီလည်း ပန်းတိုင်ရောက်ရမယ်၊ ကျနော် တို့ ထားဝယ်တိုင်းရင်းသားတွေ၊ ထားဝယ်သူ ထားဝယ်သားတွေရဲ့ အိပ်မက် အသီးသီးလည်း ခရီးပေါက်ရမှာ ဖြစ်ပါတယ်” လို့ နိုင်ငံပိုင်ရုပ်သံမှာ ထည့်သွင်းဟောပြောခဲ့ပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ပါတီပေါင်း ၁၃ ခုနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီးNLD၊ USDP နဲ့ UBP ပါတီတို့က မဲဆန္ဒနယ်အပြည့် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးကတည်းက အုပ်ချုပ်ခဲ့တဲ့ အစိုးရအသီးသီးကို အခြားတိုင်းရင်းသားတွေထက် ကရင်အမျိုးသားတွေကအစောဆုံးနဲ့ အရှည်ကြာဆုံး တော်လှန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး တနှစ်အကြာ ၁၉၄၉ ခုနှစ်မှာပဲ ကရင်အမျိုးသားလက်နက်ကိုင်တွေနဲ့ အခြား လူမျိုးစုလက်နက်ကိုင်တွေကြောင့် အစိုးရဟာ ရန်ကုန်မြို့ ကွက်ကွက်ကလေးကိုသာအာဏာပိုင်စိုးပြီး ရန်ကုန်အစိုးရလို့ ခေါ်ဆိုခံရတဲ့အထိ အရှက်ရခဲ့တာပါ။

လက်နက်ကိုင်တော်လှန်ရေးကို နှစ်ပေါင်း ၇၀ ကျော် ဆင်နွှဲပြီးနောက်မှာတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) နဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တို့ဟာမြန်မာအစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ NCA လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေလျော့နည်းလာပေမယ့် ကရင်ဒေသခံတွေရဲ့ လူမှုစီးပွားဘဝတွေကတော့ ထင်သလောက် တိုးတက်မလာပါဘူး။ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်းကရင်ပြည်နယ်မှာ လယ်ဧက ၆၀၀၀ ကျော်ကို မြန်မာအစိုးရ၊ စစ်တပ်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက  သိမ်းယူထားပြီး အများစုကဒေသခံတွေလက်ထဲ ပြန်မရောက်သေးပါဘူး။ တချိန်တည်းမှာပဲ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ DKBA ခွဲထွက် နယ်ခြားစောင့်တပ်ကတော့ ရထိုက်ကုမ္ပဏီနဲ့ပေါင်းပြီး ဒေါ်လာ ၁၅ဘီလျံလောက် ကုန်ကျမယ့် အိမ်ရာစီမံကိန်းတခုကို သောင်ရင်းမြစ်ကမ်းမှာ အကောင်အထည်ဖော်နေတာပါ။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ပါတီနဲ့ တသီးပုဂွလ ကိုယ်စားလှယ်လောင်း ၂၀၀ နီးပါးဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) က ကရင်ပြည်နယ်အတွင်း ၂၉ နေရာ ဝင်ပြိုင်မှာဖြစ်ပြီးအခြားတိုင်းရင်းသားပါတီတခုဖြစ်တဲ့ ကရင်ပြည်သူ့ပါတီကတော့ စုစုပေါင်း ၅ နေရာ ဝင်ပြိုင်မှာပါ။ အခြား ကရင်ပါတီနှစ်ခုဖြစ်တဲ့ ကရင်အမျိုးသားပါတီ(KNP)နဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) တွေကတော့ ကရင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။ ကရင်အမျိုးသားအစည်းအရုံး(KNU) က ကရင်လူမျိုးတွေအနေနဲ့ ကရင်ပါတီကိုသာ မဲပေးကြဖို့ လှုံ့ဆော်ထားသလို ကရင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့ကို ပူးပေါင်းပြီး ဖွဲ့စည်းထားတဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကလည်းပါတီကြီးတွေရဲ့ ဦးဆောင်မှုအောက်မှာနေရတာ ကြာနေပြီမို့ ကိုယ်တိုင်းရင်းသားတွေရဲ့ ဦးဆောင်မှုအောက်မှာ နေကြည့်စေချင်တယ်လို့ VOM နဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။

KNDP ပါတီ အတွင်းရေးမှူးဖြစ်တဲ့ နော်သဇင်တုပ်က “ကျမတို့က သူများကို အုပ်ချုပ်ဖို့ လွှမ်းမိုးဖို့မဟုတ်ဘူး။ ကျမတို့ရဲ့ပြောရေးဆိုခွင့်တွေကို တန်းတူဖြစ်လာဖို့ ဆိုလိုတာ။ အခုက ကျမတို့ရဲ့ ပြောရေးဆိုခွင့်က တန်းတူမရှိဘူး” လို့ ပြောပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ယှဉ်ရင် ပိုမိုအားကောင်းလာကြတာမှန်ပေမယ့် အခြေခံဥပဒေပြဌာန်းချက်တွေအရ ပြည်ထောင်စုအစိုးရက ရွေးချယ်တဲ့သူကိုသာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်အုံးမှာ ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့က အလှမ်းဝေးနေပါသေးတယ်။ လူနည်းစု တိုင်းရင်းသားတွေက တိုင်းရင်းသားအရေးနဲ့ ဖက်ဒရယ်အရေးကို ပြောဆိုကြတဲ့အခါတိုင်းမှာ အစိုးရနဲ့ တပ်မတော်ထဲက တိုင်းရင်းသားအချို့ကို လက်ညှိုးထိုးပြပြီး ၎င်းတို့အရေးကို လစ်လျူရှုမထားကြောင်း ဗမာခေါင်းဆောင်တွေက ပြောလေ့ရှိပါတယ်။ သို့ပေမယ့်တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲရှိနေသ၍တော့ အစိုးရမဖွဲ့နိုင်တဲ့ တိုင်းရင်းသားပါတီတွေကို မဲမပေးကြဖို့လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌလည်းဖြစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်က “တိုင်းရင်းသားပါတီတွေ နိုင်သွားပြီဆိုပါတော့၊ သူတို့က တတိုင်းတပြည်လုံးမှာ ခြုံပြီးတော့ အစိုးရမဖွဲ့နိုင်ဘူး။ အဲ့လို အစိုးရမဖွဲ့နိုင်ဘူးဆိုလို့ရှိရင် စစ်တပ်က ၂၅% ရှိတယ်။ လွှတ်တော်ထဲမှာ အစိုးရဖွဲ့မယ်ဆိုလို့ရှိရင် တိုင်းရင်းသားဝန်ကြီးချုပ်ဖြစ်မယ် မျှော်လင့်နေသလားတော့ မသိဘူး။ တပ်က ပေးချင်တဲ့လူ ဖြစ်သွားမှာပေါ့နော်။ အဲ့ဒီတချက်လေးကတော့တိုင်းရင်းသားတွေကို ကျနော်တို့ သဘောပေါက်အောင် ရှင်းပြထားမှ ဖြစ်မယ်” လို့ ပြောပါတယ်။

ခေတ်အဆက်ဆက် အစိုးရဆိုးတွေရဲ့ ဖိနှိပ်မှုကို ခါးစည်းခံခဲ့ရတဲ့ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မိမိတို့နှစ်သက်ရာပါတီကို မဲပေးရွေးချယ်ခြင်းအားဖြင့် မိမိတို့ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်မယ့် အခွင့်အရေးတခုကို ရရှိနိုင်မယ့်လှေကားတထစ်အဖြစ် စိတ်ကူးပုံဖေါ်နေကြပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကရင်  #မွန် #တနင်္သာရီ

zawgy

ရွေးချယ်မှုမှန်ရင်စံစားရမယ် မှားရင်တော့ ခံစားသွားရမှာမို့ အရင်လုပ်ရပ်တွေကိုကြည့်ဖို့လို

ရေစကြို-နိုဝင်ဘာ- ၅-၂၀၂၀
နေလင်းဖြူ(VOM)

တပ်မတော်အစိုးရလက်ထက်မှာ စစ်ဥပဒေချုပ်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးလုပ်ခဲ့တဲ့ ခု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်က အရင်သူတို့လုပ်ခဲ့တဲ့ကာလက ကောင်းတာမကောင်းတာကိုသုံးသပ်ပြီး လူရွေးမှန်ဖို့လိုတယ်လို့ VOM နဲ့တွေ့ဆုံမေးမြန်းခန်းမှာဖြေခဲ့ပါတယ်။ သူ့ရဲ့ဇာတိ မကွေးတိုင်း ရေစကြိုမြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာကဝင်ရောက်ယှဉ်ပြိုင်မယ့်အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်ကို VOM သတင်းထောက် ကိုနေလင်းဖြူက တွေ့ဆုံမေးမြန်းထားတာပါ။ ပထမဆုံးအနေနဲ့ ဘာသာသနာအကြောင်းပြုမဲဆွယ်တဲ့ ကိစ္စတွေကို အရေးယူမယ်လို့ သက်ဆိုင်ရာက ပြောထားတဲ့အပေါ် ဦးစိုးမောင်ရဲ့ သဘောထားမေးကြည့်တော့

#voiceofmyanmar #VOM #ဦးစိုးမောင် #အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ

 

Related posts

Leave a Comment

VOM News

FREE
VIEW