ချင်းပြည်နယ်က မြို့နယ် ၇ ခုမှာ NLD ပါတီက ရာနှုန်းပြည့်အနိုင်ရ

နိုဝင်ဘာ- ၉- ၂၀၂၀
ရှိုင်းအောင်(VOM)

ချင်းပြည်နယ်မှာ မဲဆန္ဒနယ် ၉ မြို့နယ်ရှိပြီး အဲ့ဒီမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေအကုန်လုံး မဲဆန္ဒနယ် ၇ ခုမှာတော့ ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့ မြို့နယ် ၂ ခုမှာတော့ NLD ပါတီက အနိုင်ရရှိမှုနည်းပါးပြီး တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)က ဟားခါး ပြည်နယ်လွှတ်တော်မှာ တစ်နေရာနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)က တွန်းဇံမြို့နယ်မှာ ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အသီးသီးမှာ တစ်နေရာစီ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)က ပြောရေးဆိုခွင့်ရှိသူ ဦးဇန်ဇမုန်ပြောပြတာက “ကျနော်တို့ တိုင်းရင်းသားတွေ ဘယ်လိုဖြစ်တယ်လည်း မသိဘူးဗျာ၊ အချင်းချင်းကို အားမပေးတော့ ကျနော်တို့ တွန်းဇံမှာ ၂ နေရာပဲ နိုင်ပါတယ်၊ မကျေနပ်လို့လည်း ဘာမှမတတ်နိုင်ပါဘူး၊ ကိုယ်စားမဲထည့်တာတွေလည်း တွေ့ရတယ်၊ ဒါပေမယ့် ကွန်ပလိန်းမလုပ်တော့ပါဘူး၊ လုပ်နေလို့လည်း ဘာမှထူးမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ မြို့နယ်တွေရဲ့ အခြေအနေတွေကို လက်ရှိ NLDပါတီက မင်းတပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် ပြောပြတာက ကျနော်မင်းတပ်မှာတော့ NLDက ၄ ယောက်စလုံးနိုင်ပါတယ်၊ ကန်ပက်လက် ကလည်း သူတို့အားလုံးနိုင်ထားတယ်လို့ သတင်းရပါတယ်၊ တောင်ပိုင်းမှာဆို မင်းတပ်၊ မတူပီ အားလုံးနိုင်ထားတယ်လို့ သတင်းရတယ်၊ ပုံစံမထွက်ခင် အတည်ပြုပြောပေးလို့ မရသေးပါဘူး”လို့ ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းက မဲဆန္ဒနယ်တွေရဲ့ အခြေအနေတွေကိုတော့ ဟားခါးမြို့နယ် NLDပါတီက ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတီလ်လိန်း ပြောပြတာကတော့ “ကျနော်မြို့နယ်မှာတော့ ပြည်နယ်မှာ ၂ ယောက်ထဲက ၁ ယောက်ပါတယ်၊ ပြည်နယ် ၁ နေရာကို CNLD ကနိုင်တယ်၊ တွန်းဇံမှာ ဇိုမီးက ၂ နေရာနိုင်တယ်၊ ကျန်တာတော့ ၇ နေရာနိုင်တယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ ဟားခါး၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ထန်တလန်၊ ဖလန်း၊ တွန်းဇံ၊ ပလက်ဝ၊ တီးတိန် ဆိုပြီး မဲဆန္ဒနယ် ၉ ခုရှိတာဖြစ်ပါတယ်။ အဲ့ဒီမဲဆန္ဒနယ် ၉ ခုလုံးမှာ NLDပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာတော့ မဲဆန္ဒနယ် ၇ နေရာမှာ နိုင်ခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ခူမီး(ခမီ)အမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၁၇၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၉ နေရာအနက် NLD ပါတီက ၂၈ နေရာ အနိုင်ရခဲ့ပါတယ်။ ကျန်နေရာတွေကိုတော့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအနိုင်ရစာရင်းတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။

Photo – Yangon Style
#VOM #VoiceofMyanmar #NLD # #ရွေးကောက်ပွဲ #Election

Related posts

Leave a Comment

VOM News

FREE
VIEW