၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူ့ပါတီအတွင်း သဘောထားကွဲလွဲချက်တွေရှိနေ

နိုဝင်ဘာ ၁၂-၂၀၂၀
အေးချမ်းသူ(VOM)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးမှာ ပြည်သူ့ပါတီအတွင်း သဘောထားကွဲလွဲချက်တွေ ဖြစ်ပေါ်လာပါတယ်။

ပြည်သူ့ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ၂၀၂၀အထွေထွေရွေးကောက်ပွဲအငြင်းပွားမှုတွေ အချိန်မှီတားဆီးထိန်းသိမ်းပေးဖို့တင်ပြတောင်းဆိုမှုတစ်ခု နိုဝင်ဘာ ၁၁ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလိုတင်ပြတောင်းဆိုခဲ့တဲ့ ပြည်သူ့ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသီဟထွန်းကိုဆက်သွယ်မေးမြန်းရာမှာတော့ ” လိုအပ်ရင်ကန့်ကွက်လွှာတွေတင်ရမှာကိုး၊ ဒါပေမယ့် မြေပြင်မှာ သတင်းအချက်အလက်တွေ ပြန်လည်ရှာဖွေစုဆောင်းတဲ့အခါမှာ အစ်ကိုတို့မှာ အခက်အခဲအများကြီးရှိတယ်။ လုံခြုံရေး အခက်အခဲ သတင်းရယူဖို့ အခက်အခဲတွေရှိတယ်။ အချို့နေရာတွေမှာဆိုရင် ရန်သူလိုမြင်နေတာတွေရှိနေတယ်။ ဒါတွေကို သက်ဆိုင်ရာက ထိန်သိမ်းထားနိူင်တဲ့ အဖွဲ့အစည်းတစ်ခုလိုတယ်။ အဲ့ဒါကြောင့် တင်ပြတောင်းဆိုရတာပါ”လို့ VOMကိုပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ရာမှာ အငြင်းပွားမှုပုံစံအမျိုးမျိုးကိုမြင်တွေ့ရပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပဲွဲဖြစ်/မဖြစ် လိုအပ်တဲ့စစ်ဆေးစုံစမ်းမှုတွေပြုလုပ်ဖို့အတွက် အချိန်မှီ ထိန်းသိမ်းတားဆီးပေးဖို့ ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြတောင်းဆိုတာဖြစ်တယ်လို့ တောင်းဆိုထားတဲ့စာမှာ ဖော်ပြထားပါတယ်။

ပါတီကနေ ဝင်ရောက်ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းအားလုံးဟာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါမယ်လို့ ခံဝန်ကတိထိုးထားတာကြောင့် တရားမဝင်ကြောင်းနဲ့ ပါတီနဲ့လည်း မသက်ဆိုင်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကVOMကို ပြောပါတယ်။

“ပါတီနဲ့မဆိုင်ဘူး။ ပါတီရဲ့ သဘောထားလည်း မဟုတ်ဘူး၊ ကိုယ်သဘောနဲ့ကိုယ်လုပ်တာကို လက်မခံပါဘူး၊ ပါတီလုပ်ထုံးလုပ်နည်းနဲ့ခေါ်ပြီး ရှင်းမှာပါ။ ဒီလိုအရေးကြီးတဲ့ ပေါ်လစီမျိုးမှာ ပါတီရဲ့သဘောထားမပါဘဲ ဒီလိုဆောင်ရွက်တာနဲ့ပတ်သက်ပြီးဖြေရှင်းသွားမှာပါ”လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ပါတီရဲ့သဘောထားမပါဘဲ ပါတီကိုယ်စားလှယ်ရဲ့ အမြင်အယူအဆများသာဖြစ်ပြီး
ကိုယ်စားလှယ်လောင်းအနေနဲ့လည်း တင်ပြထားတဲ့စာကို ပြန်လည်ရုတ်သိမ်းကြောင်းပြန်တင်ထားတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကရှင်းပြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိူင်ငံတော်ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာ အားကိုးစရာရှိတဲ့အတွက် တင်ပြတောင်းဆိုခြင်းဖြစ်ပြီး ပြည်သူပါတီကို စာပေးပို့ခဲ့ခြင်းမရှိဘူးလို့ ဦးမျိုးသီဟထွန်းကပြောပါတယ်။

“ဒါက ပြည်သူပါတီရဲ့သဘောထားက လက်ရှိ ပုံစံ-၁၉လက်မှတ်ထိုးမယ်။ ဗဟိုရဲ့မူဝါဒက တစ်မျိုးဖြစ်နေတာပေါ့။ ဒါက ဗဟိုရဲ့မူဝါဒ အပိုင်းပေါ့။ ကိုယ်ရဲ့ တစ်ဦးချင်းတစ်ယောက်ချင်းရဲ့မူဝါဒကတော့ ကြုံတွေခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သတ်လို့ ဒီလိုပဲ ဆက်လက်ရပ်တည်
ဖို့ လုပ်သွားမှာပေါ့”လို့ ဦးမျိုးသီဟထွန်းက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြခဲ့တဲ့စာမှာ မဲပေးခဲ့တဲ့စာရွက်တွေ၊ လက်မှတ်ထိုးတဲ့ မှတ်တမ်းတွေ၊ ဆယ်ရက်ကြိုတင်မဲပေးရတဲ့ စာရွက်တွေအပါအဝင် အချက်အလက် ၅ခုကို ဖော်ပြထားတယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တင်ပြတောင်းဆိုခဲ့သူ ဦးမျိုးသီဟထွန်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့ပါတီကိုယ်စားပြု ရန်ကုန်တိုင်း အမှတ်(၉)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ကို တင်ခဲ့တဲ့တောင်းဆိုစာနဲ့ပတ်သက်ပြီး ဒီကနေ့ နိုဝင်ဘာ၁၂ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းကြောင်းစာကို ပြန်တင်ခဲ့တယ်လို့ ဦးမျိုးသီဟထွန်းကပြောပါတယ်။

ပါတီရဲ့သဘောထားမပါဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စာပေးပို့တာကို ခေါ်ယူဖြေရှင်းမယ်လို့ပြောပေမယ့် ရက်အတိအကျကိုတော့ ပြည်သူပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက VOMရဲ့မေးမြန်းမှုမှာ ထည့်သွင်းပြောကြားခဲ့တာ မရှိပါဘူး။

ပြည်သူ့ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေအတွင်း ကိုယ်စားလှယ်လောင်း(၁၅၂)နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိူင်ရရှိခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်သူ့ပါတီ #ပါတီအတွင်း #သဘောထားကွဲလွှဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW