မောင်တောမြောက်ပိုင်း မိုင်းကွဲ လူသေဆုံးမှု ARSA လက်ချက်ဖြစ်နိုင်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးသုံးသပ်

နိုဝင်ဘာ ၁၈- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှာ မနေ့ နိုဝင်ဘာ ၁၇ရက်နေ့ ညနေပိုင်းကဖြစ်ခဲ့တဲ့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဟာ ARSA အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်နိုင်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ယူဆကြောင်းနဲ့ အဲ့ဒီဒေသဟာ ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်နဲ့ အလွန်နီးကပ်ပြီး အဲ့ဒီဖက်မှာ လက်နက်ကိုင်လှုပ်ရှားတာမျိုးဟာ ARSA တစ်ဖွဲ့ပဲရှိတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“ မနေ့က မောင်တောမိုင်းပေါက်ကွဲမှုမှာ (၃) ယောက်သေတယ်။ (၆) ယောက်ဒဏ်ရာရတယ်လေ။ အဲ့ဒီထဲမှာ ဒဏ်ရာပြင်းတဲ့လူတွေကိုတော့ မောင်တောဆေးရုံကို ပို့ထားပါတယ်။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာကို ကျနော်တို့ အတိအကျပြောဖို့ခက်တယ်။ ဒါပေမယ့် အဲ့ဒီဖက်မှာက ARSA တစ်ဖွဲ့ပဲ လှုပ်ရှားတာရှိတယ်” လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အနောက်ဖက်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောခရိုင်၊ မောင်တောမြို့နယ် မြောက်ဖက်ပိုင်း တောင်-မြောက်ကားလမ်းပေါ်မှာ မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက မိုင်းတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ကထိန်ကပြန်လာတဲ့ကားတစ်စီး မိုင်းထိမှန်ကာ မိသားစု (၃)သုံးဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသွားတဲ့ မိသားစုနဲ့ ဒဏ်ရာရရှိသွားသူတွေဟာ မောင်တောမြို့နယ် တောင်ပိုင်း ခရေမြိုင်ကျေးရွာကဖြစ်ပြီး မြောက်ပိုင်း တောင်ပြိုမြို့၊ နံ့သာတောင် သာယာကုန်းကထိန်ပွဲကို သွားပြီးအပြန်လမ်းမှာ မိုင်းပေါက်ကွဲတာဖြစ်တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမောင်အုန်းကို မနေ့ နိုဝင်ဘာ ၁၇ရက်နေ့က ဆက်သွယ်ခဲ့ရာမှာတော့ “ မောင်တောမှာ မိုင်းပေါက်ကွဲတာဟုတ်ပါတယ်။ ကျနော်တို့လည်း အဲ့ဒီလို သိရပါတယ်။ အထိခိုက်ကတော့ (၃) ယောက်သေပြီး (၆) ယောက်ဒဏ်ရာရတာလို့ သိရတယ်။ သူတို့က မောင်တောမြို့နယ်ခရေမြိုင်ကျေးရွာကနေ မောင်တော၊ နံ့သာတောင်- သာယာကုန်းကထိန်ပွဲကို သွားပြီး ရွာပြန်လမ်းမှာ မိုင်းပေါက်တာပေါ့။ “ လို့ ပြောပါတယ်။

မိုင်းပေါက်တဲ့‌နေရာဟာ မောင်တောမြို့နယ်မြောက်ပိုင်း ကျွန်းပေါက်ကျေးရွာအုပ်စု လိပ်ရလမ်းဆုံအနီးအရောက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မိုင်းပေါက်ကွဲမှုဟာ ARSA အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ဖော်ပြထားပြီး NAOH အမျိုးအစား အနက်ရောင်မော်တော်ယာဉ် (၁) စီးဖြစ်ကာ ထောင်ထားတဲ့မိုင်းမှာ ကားမိုင်းအမျိုးအစားဖြစ်တဲ့အတွက် ကားပေါ်ပါလာတဲ့ လူ (၉) ဦးအနက် (၃)ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။

မနေ့က မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အခင်းဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေး နဲ့ ဒဏ်ရာရရှိသူတွေကို မောင်တောဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

မောင်တော်မြို့နယ်အတွင်း အရင်ကလည်း ရဲတပ်ဖွဲ့ဝင်တွေ အခုလိုမျိုးတိုက်ခိုက်ခံရတာ ရှိခဲ့တယ်လို့ သိရပါတယ်။

Photo – တပ်မတော်သတင်းမှန်ပြန်ကြားရေး
#voiceofmyanmar #VOM #မောင်တော #မိုင်းပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW