ကိုယ်ပိုင်အိမ်နဲ့ နေချင်လို့ ဝယ်နေရာက လက်မဲ့ဖြစ်ရတော့မယ့် ဘဝများ

မန္တလေး-နိုဝင်ဘာ ၂၈-၂၀၂၀

ရှိုင်းအောင်(VOM)

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ အနီးက ကျွဲနဖားကျေးရွာနဲ့ မြန်ပြည်ကျေးရွာဟာ  (၁၂၁) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ရင်းကပိုင်တဲ့မြေပေါ်မှာ တည်ထားလို့ဆိုပြီး စစ်တပ်နဲ့ အဲဒီရွာမှာနေသူတွေ ပဋိပက္ခဖြစ်ပွားနေပါတယ်။ ( ၁၂၁) တပ်ကလည်း နို့စားနွားမွေးမြူရေးစီမံကိန်း ဧရိယာဆိုပြီး ခြံစည်းရိုးခတ်ခဲ့တဲ့အတွက်ကြောင့် နိုဝင်ဘာ ၂၅ ရက်နေ့က ၁၂၁ တပ်ရင်းနဲ့  အဲဒီရွာမှာ နေသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

အိမ်ထောင်စု ၁၇၃ အုပ်စုကို တပ်ပိုင်မြေအတွင်း ဝင်ရောက်ကျူးကျော်နေထိုင်မှု ပုဒ်မ ၄၄၇ နဲ့  ၂၀၁၅ ခုနှစ်ကတည်းက ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းမှာ မာဘယ်ကျောက်ပြားစက်ရုံ(ဦးပိုင်) ဒုစက်ရုံမှူး(ယခင်) ဦးခင်မောင်ဦး က ၂၀၁၇ မှာ တရားလိုပြုလုပ်ကာ တိုင်တန်းထားတာဖြစ်ပါတယ်။

ပြင်စာရဲစခန်းမှာ ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်နေထိုင်မှုနဲ့  တိုင်တန်းခဲ့ပေမယ့် အမှုတိုင်တန်းစာကတော့ ၂၀၂၀ နိုဝင်ဘာ ၁၁ရက်နေ့မှ ပြင်ဦးလွင်ခရိုင်တရားရုံးကို စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ တရားစွဲခံရတဲ့ အိမ်ထောင်စုထဲမှာ ပါဝင်တဲ့ မြန်ပြည်သာကျေးရွာရဲ့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

“အားလုံး သူတို့ ၄၄၇ တပ်ပြီးစွဲထားတာ ၉၀ နီးပါးရှိတယ် ဒါပေမယ့် လောလောဆယ်တော့ ကျနော်တို့ရွာက ၁၈ ဦး အပါအဝင်မင်းတဲရွာက ၂ ဦး၊ တောင်နီမကျေးရွာက ၈ ဦးကို ပြင်ဦးလွင်မြို့နယ်တရားရုံးက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ရုံချိန်းခေါ်ထားတယ်။ဒါပေမယ့် အဲ့ဒီနေ့မှာပဲ ဒီပြဿနာတွေဖြစ်လာတော့ မသွားဖြစ်လိုက်ဘူး၊ သူတို့ကတော့ တဖက်လက်နဲ့ ရုံချိန်းနေ့မှာတင် ဒီလိုလုပ်တယ်ဆိုတော့ ကျနော်တို့ မသွားနိုင်ရင် ဒီအမှုရှုံးအောင် တမင်လုပ်တာနေမှာ ကျနော်တို့က အဲ့ဒီနေ့မှာတင် ကျနော်တို့ကို အခမဲ့ကူညီပေးနေတဲ့ ရှေ့နေ့ကို အကူအညီတောင်းတော့ ရတယ် သူစီစဉ်ပေးမယ်ဆိုတော့ တရားရုံကို ရီမာန်တောင်းတော့ ရုံးချိန်းကို၂ပတ်ရွှေ့ဆိုင်းပေးလိုက်တာ” လို့ တရားစွဲခံရတဲ့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မနက်ပိုင်း ၄ နာရီ ခွဲ ခန့်မှာ ကျွဲနဖားကျေးရွာအတွင်းက တောင်သူ ၃ ဦးရဲ့ နေအိမ်တွေကို လုံခြုံရေးအင်အား ၂၀၀ ကျော်နဲ့ ဒေသခံတောင်သူတွေကို ရိုက်နှက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ရွာချင်းကပ်လျှက်ရှိတဲ့ ပြင်ဦးလွင်မြို့နယ်၊လွန်ကောင်းကျေးရွာအုပ်စု၊ မြန်ပြည်သာကျေးရွာ ဒေသခံတွေက မကျေနပ်တာကြောင့် သွားရောက်ဝန်းရံရင်း လုံခြုံရေးအဖွဲ့တွေနဲ့  ပဋိပက္ခဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီရွာတွေရဲ့ မြေရာဇဝင်နဲ့ ပတ်သက်လို့ မြန်ပြည်သာကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အရှင်ဣိဋ္ဌိသာရ က

 

“ မြန်ပြည်သာကျေးရွာကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထဲမှာ စတင်ပြီး မူလပိုင်ရှင် တောင်သူတွေဖြစ်ကြတဲ့ ဦးလှအောင် (၂၅) ဧက၊ဦးမောင်ညို (၅) ဧက၊ ဦးမောင်ရွှေ (၁၆) ဧက၊ ဒေါ်နု (၂.၃၀) ဧက၊ ဦးအောင်ခင် (၇.၃၀) ဧက၊ ဦးအေးလွင် (၄.၃၀) ဧက၊ ဦးမောင်မောင် (၂) ဧက၊ ဒေါ်နွယ်နီဝင်း (၃) ဧက စုစုပေါင်း မြေဧကပေါင်း ၆၅ ဧကကို ဒေါ်အေးအေးခိုင်က ငွေကြေးပေးဝယ်ခဲ့တာဖြစ်တယ်။ အဲဒီကနေ ဒေါ်အေးအေးခိုင်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ အဲ့ဒီမြေ ၆၅ ဧကကို  ၄၀x၆၀ ပေ၊ ၄၀x၃၀ ပေ အကွက်တွေရိုက်ပြီး နယ်တွေကနေ မန္တလေးမြို့မှာ အလုပ်ပေါင်းစုံလုပ်ကိုင်နေကြတဲ့ လူတွေကို မြေတစ်ကွက်ကို ၅ သိန်း၊ ၇ သိန်း အစရှိတဲ့ တန်ကြေးတွေနဲ့ ရောင်းချပေးခဲ့ပေမယ့် အရောင်းအဝယ်စာချုပ်မှာတော့ အခမဲ့ ပေးတယ်ဆိုတဲ့ ပုံစံ၊ နားလည်မှုနဲ့လက်မှတ်ထိုးပေးခဲ့ရတယ်”လို့ VOM ကို မိန့်ကြားပါတယ်။

မြေကွက်တွေ အကွက်ရိုက်ရောင်းပြီး မကြာခင် အစိုးရ အကူးအပြောင်းကာလ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မနက်ခင်းမှာစစ်တပ်အကြီးအကဲတွေ အပါအဝင် အင်အားအလုံးအရင်း ၃၀၀ ကျော်က လက်ထဲမှာ ဝါးချွန်၊ လေးခွတွေကိုင်ကာ ဘူဒိုဇာတွေနဲ့မြန်ပြည်သာရွာထဲမှာရှိတဲ့ အိမ်တိုင်းက အိမ်စည်းရိုးတွေကို အကုန်ဖျက်စီးသွားခဲ့တာတွေလည်း  ရှိတယ်လို့ လည်း မြန်ပြည်သာကျောင်းထိုင်ဆရာတော်က မိန့်ကြား ပါတယ်။

၂၆ ရက်နေ့ မနက်ပိုင်း က ဖျက်စီးခံလိုက်ရတဲ့ တောင်သူတွေဆီကို  စာအမှတ် ၃၀၀၀/ ၀၃/ ထောက် ၁/ ယာ ၁၊ နိုဝင်ဘာ ၂၃ ရက်နေ့က အမှတ် ၉၅၁ ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) တံဆိပ်တုံးပါ စာကို ပေးပို့လာတယ်လို့ ဒေသခံတွေက VOM ကိုပြောပါတယ်။ အဲဒီစာအပြည့်အစုံမှာတော့

 

“ အမှတ် ၉၅၁ ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) တိုးချဲ့တပ်ပိုင်မြေ ၁၄၇၉.၁၆ ဧကထဲက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊လွန်ကောင်းကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ ၁၀၇၀ ဧကအတွင်းမှာ နို့စားနွားမွေးမြူရေးလုပ်ငန်း၊ ဥယာဉ်ခြံသီးနှံလုပ်ငန်းနဲ့တခြားစီမံကိန်းလုပ်ငန်းတွေကို တိုးခြဲ့ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် တပ်ပိုင်မြေဧရိယာအတွင်းမှာ တရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင်သူတွေအနေနဲ့  နိုဝင်ဘာ ၂၅ ရက်နေ့အတွင်း အပြီးဖယ်ရှားပေးရန်နဲ့ ဖယ်ရှားခြင်းမရှိပါက ဥပဒေနဲ့ အညီရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်” လို့ ရေးသားထားပါတယ်။

လတ်တလော ရင်ဆိုင်နေရတဲ့အမှုတွေထဲမှာ ရွာမှာနေထိုင်တဲ့သူတွေကို မြေရောင်းသွားတဲ့ ဒေါ်အေးအေးခိုင်နဲ့ မူလမြေပိုင်ဆိုတဲ့တောင်သူတွေလည်း တရားစွဲခံထားရသလို

မြန်ပြည်သာမှာနေတဲ့ အိမ်ထောင်စု ၁၇၃ ယောက်ကို တရားစွဲထားရတာရှိပါတယ်။   ၂၀၁၉ ခုနှစ် ဧပရယ် လပိုင်းမှာလည်း အခုလိုပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ‌တောင်သူ (၁၀) ဦးကို ပြင်ဦးလွင် မြို့နယ် တရားရုံးမှာ တရားစွဲခံထားရတယ်လို့ သိရပါတယ်။လတ်တလော အဝယ်မှားထားတဲ့ မြေပိုင်ရှင်တွေကတော့ သူတို့ရဲ့ ဆန္ဒတွေကို ခုလိုပြောကြပါတယ်။

“ကျတော်တို့ ကတော့ မန္တလေးမှာ အလုပ်လုပ်ရင်း အိမ်ဌားခတွေက ဈေးကြီးလို့ ဒီဘက်မှာ မြေကွက်ကလေးတွေ ဈေးချိုလို့ ၁ နှစ်၊ ၂ နှစ်လောက်စုမိဆောင်းမိရင် မြေကွက်ဖိုးလေးကြေကောင်းပါရဲ့ဆိုပြီးနေလာတာ ချွေးနည်းစာလေးနဲ့ဆိုတော့ ဖယ်မပေးချင်ဘူး၊ ရွာမှာရွေးကောက်ပွဲတုန်းက မဲလည်း ပေးပြီးပြီ၊ အစိုးရက ပေးတဲ့ထောက်ပံ့ကြေးတွေလည်း ရွာကလူတစ်ချို့ရကြတယ်” လို့ ပြောသူရှိသလို

တချို့ တွေကတော့ “ သူတို့ဖျက်မယ်ဆိုရင်တောင် တရားဝင်စာနဲ့ ပိုင်ဆိုင်မှု အထောက်အထားပြရင် ရတယ်၊ ကျနော်တို့ ကလည်း ဒီအတိုင်းလာနေတာ မဟုတ်ဘူး၊ ဝယ်ယူထားတဲ့ စာချုပ်စာတမ်းတွေရှိတယ်၊ အဲ့ဒီအတိုင်း ရော်ကြေးအနေနဲ့ ပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ”  လို့လည်း ပြောကြပါတယ်။

 

#VOM #voiceofmyanmar #ကျောက်ချော #ကျွဲနဖားရွာ #မြန်ပြည်သာ

Related posts

Leave a Comment

VOM News

FREE
VIEW