သားဖွားလိုင်စင်မရှိသေးဘဲ ခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ဆေးရုံက ကိုယ်ဝန်ဆောင်မိခင်တစ်ဦးမှာ ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာ ၁-၂၀၂၀
သူရိန်(VOM)

ကျိုင်းတုံခရိုင် ၊ တာချီလိတ်မြို့နယ်က ပုဂ္ဂလိကဆေးရုံတစ်ခုဟာ သားဖွားလိုင်စင်မရှိဘဲ ကိုယ်ဝန်ဆောင်သည် တစ်ဦးကို ခွဲစိတ်ခဲ့ရာကနေ အဲ့ဒီ ကိုယ်ဝန်ဆောင်သည်မှာ ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့ရတဲ့ဖြစ်စဉ် နိုဝင်ဘာ ၂၉ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးရုံမှာတက်ရောက်နေတဲ့ ကိုယ်ဝန်‌ဆောင်သည်တွေကိုလည်း ရောဂါကူးစက်မှုဖြစ်ပွားနေတဲ့အတွက် စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

“သူကဆေးရုံဖွင့်ထားတာ။ ဆေးရုံဖွင့်ဖို့ လိုင်စင်ကမကျသေးဘူး။ ကျိုင်းတုန်းက ပြည်နယ်မှူးကလည်း လာပြီးတော့ သတိပေးထားတယ်။ သာမန်တော့မွေးလို့ရတယ် ခွဲစိတ်တာဘာညာတော့မရသေးဘူး။ အခုက ခိုးခွဲတာမှာ ခွဲတဲ့လူနာက ပိုးတွေ့တယ်၊ ပိုးတွေ့တဲ့လူက ကိုယ်ဝန်ဆောင်ပဲ။ သူက အိုဂျီဆိုတော့ ကိုယ်ဝန်ဆောင်ကိုပဲလုပ်တာ။ လူနာက ဖြစ်တဲ့အချိန်က ၂၀ ကျော်၊ ၂၇ ယောက်ဆိုလားရှိတယ်။ သတင်းအမှောင်ချလိုက်တယ်ပေါ့”လို့ အမည်မဖော်လိုသူ တာချီလိတ်ဒေသခံကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အခုလိုတရားမဝင်ခွဲစိတ်မှုကြောင့် ကိုဗစ်ပိုးကူးစက်ခံရတာနဲ့ပတ်သက်လို့ အရေးယူတာ၊ အကြောင်းအရာ အပြည့်အစုံကို တရားဝင်သတင်းထုတ်ပြန်ပေးတာ ၊ ကူးစက်ခံရတဲ့လူနာ စာရင်းထုတ်ပြန်ပြီး ကျန်းမာရေးကုသမှုပေးတာတွေကိုလုပ်ဆောင်ခြင်းမရှိတဲ့အတွက် ဒေသခံတွေက စိုးရိမ်မှုရှိနေတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “ကျနော့်ဆီကို တရားဝင်သတင်းစာနဲ့တော့ တက်မလာသေးဘူး။ အဲ့ဒီမှာ လူနာတစ်ယောက် ကိုဗစ်ပိုးတွေ့လို့ ကျန်တဲ့သူတွေကိုစစ်တဲ့အခါ ပိုးမတွေ့ဘူးလို့ သတင်းရတာတော့ရှိပါတယ်၊ မနက် ၁၁ နာရီလောက်ကပေါ့။ အတိအကျကြီးဘယ်သူလုပ်တယ်ဆိုတာတော့မသိသေးဘူး။ ပိုးတစ်ယောက်တွေ့တယ် ကွန်တက်တွေကို မနက် ၁၀ နာရီခွဲကနေစစ်တာ မတွေ့ဘူးလို့သိရတယ်”လို့ပြောပါတယ်။

အဲ့ဒီဆေးရုံဟာ သားဖွားခန်းအတွက် လိုင်စင်တင်ထားဆဲအဆင့်သာဖြစ်ပြီး လိုင်စင်ခွင့်ပြုတာကို ရုံးချုပ်ကသာခွင့်ပြုတာဖြစ်တဲ့အတွက် နိုဝင်ဘာလ ၁၈ ရက်ကတည်းက စည်ပင်၊ ရဲ ၊ မီးသတ်၊ ခရိုင်ကျန်းမာရေးအဖွဲ့တွေက ဆေးရုံကို ကွင်းဆင်းစစ်ဆေးပြီးတော့ လိုင်စင်ရရှိဖို့ ရုံးချုပ်ကိုတင်ပြထားတယ်လို့လည်း သိရပါတယ်။

အခုလိုလိုင်စင်တင်ပြထားဆဲအချိန်မှာ ဆေးရုံအတွင်း ကိုယ်ဝန်ဆောင်သည်ကို ခွဲစိတ်ခဲ့တာဖြစ်ပြီး ခွဲစိတ်လူနာမှာ ကိုဗစ်ပိုးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကိုဗစ်ပိုးတွေ့ရှိတဲ့ကိစ္စနဲ့ပတ်သက်လို့ တာချီလိတ်မြို့နယ် ကိုဗစ် ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က “အဲ့ဒါတော့ ကျနော်တို့ဆီမှာ သတင်းမရှိဘူး။ အရပ်ထဲမှာ အပြောဖြစ်မယ်။ ကျနော်တို့ဆီမှာတော့ အဲ့ဒီလိုသတင်းတက်တာမရှိဘူးလို့ပြောပြတာ။ ကျနော်တို့က အတည်မပြုနိုင်ဘူး။ ကျနော်တို့က ပြန်ပြီးစုံစမ်းကြည့်မယ်”လို့ ပြောပါတယ်။

လက်ရှိ တာချီလိတ်မြို့နယ်မှာ ကိုဗစ်ကူးစက်မှုမြှင့်မားနေတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေကလည်း စိုးရိမ်ပူပန်မှုရှိနေပြီး တာချီလိတ်မြို့နယ်မှာ ဆေးကုသမှုခံယူနေတဲ့ ကို
ဗစ်အတည်ပြုလူနာ ၃၄ ဦးရှိတယ်လို့ သိရပါတယ်။

Photo – တာချီလိတ်ဟစ်တိုင်
#voiceofmyanmar #VOM #တာချီလိတ် #ကိုဗစ် #ကိုယ်ဝန်ဆောင်

Related posts

Leave a Comment

VOM News

FREE
VIEW