ခန္တီးဒေသမှာ မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းတွေ နေရပ်ပြန်ရေး အခက်အခဲဖြစ်နေ

ဒီဇင်ဘာ ၂-၂၀၂၀
ကိုတိုးကြီး ‘VOM)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက ပညာရေးဝန်ထမ်းဖြစ်တဲ့ ဆရာ၊ဆရာမတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲရုံလုပ်ငန်းတွေလုပ်ကိုင်ဖို့ ချင်းတွင်းမြစ်ဖျား တောင်တန်းဒေသကို အောက်တိုဘာလထဲမှာ တာဝန်ပေးခံခဲ့ရတာဖြစ်ပေမယ့် ရွေးကောက်ပွဲပြီးလို့ နေရပ်ပြန်နိုင်ရေးကိစ္စတွေမှာ ခရီးသည်တင်ရေယာဉ်လိုင်းတွေ ပြေးဆွဲတာကို ယာယီရပ်နားထားတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

” အောက်တိုဘာလမှာ ရွေးကောက်ပွဲကိစ္စနဲ့ အထောက်အကူပြုစေလွတ်နိုင်ဖို့ တာဝန်ကျရာ ဒေသတွေဆီ ရေယာဉ်တွေနဲ့ အရောက်ပို့ဆောင်ပေးခဲ့တယ်၊ အခုဆို ရွေးကောက်ပွဲပြီးနေပြီ ၊ နေရပ်ပြန်ဖို့အရေး ဘယ်သူကမှ တာဝန်ယူတာ မရှိဘူး ၊ ရေယာဉ်တွေကလည်း ခရီးသည်မတင်ရဲဘူး ၊ ရွေးကောက်ပွဲပြန် ပညာရေးဝန်ထမ်းတွေဆိုတာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြဆိုလည်း ကလေးဝမြို့က ရဲက ရေယာဉ်တွေကိုခရီးသည်တင်ဆိုပြီး ဖမ်းတာတွေရှိတယ်”လို့ နိုဝင်ဘာ ၂၇ ရက်က ခန္တီးမြို့နယ်ကနေ မုံရွာမြို့ကို ဝင်းပပအောင် (၂) ရေယာဉ်နဲ့ စီးနင်းလိုက်ပါလာခဲ့တဲ့ ရွေးကောက်ပွဲတာဝန်ကျ ပညာရေးဝန်းထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဝင်းပပအောင်(၂) ကုန်တင်ရေယာဉ်ဟာ နိုဝင်ဘာ ၂၅ ရက်မှာ ခန္တှီးမြို့ကနေ မုံရွာကို ပြန်(စုန်)ဖို့ ခန္တီးမြို့ ပုဂ္ဂလိကပိုင်ရေယာဉ်တွေ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီးရုံး(ရစက)ကို သတင်းပို့အကြောင်းကြားတဲ့အခါ အဲ့ဒီရုံးက ရွေးကောက်ပွဲကိစ္စအတွက်လာတဲ့ ပညာရေးဝန်ထမ်းတွေ နေရပ်ပြန်ရေး အခက်အခဲရှိနေလို့ နိုဝင်ဘာ ၂၇ ရက်နေ့ရောက်မှ ပညာရေးဝန်ထမ်းတွေတင်ဆောင်ပြီး စုန်ဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

ဝင်းပပအောင် (၂) ရေယာဉ် တာဝန်ခံ ဦးမျိုးအောင်ကလည်း ” ကျွန်တော်တို့က ခန္တီးကနေ မုံရွာပြန်ဖို့ နိုဝင်ဘာ ၂၅ ရက်မှာ ခန္တီး ရစကကိုသတင်းပို့တယ်၊ ရစက ကလည်း ပညာရေးဝန်ထမ်းတွေ ပြန်ရေး အခက်အခဲဖြစ်နေတာကြောင့် တင်သွားဖို့ မေတ္တာရပ်ခံတယ်၊ ရေယာဉ်ထွက်ခွာသွားလာခွင့် စာအုပ်ပေါ်မှာလည်း သာမန်ခရီးသွား ခရီးသည်တွေမဟုတ်ကြောင်း ရွေးကောက်ပွဲ အထောက်အကူပြု ပညာရေးဝန်ထမ်းတွေဖြစ်တယ်ဆိုတာကို မှင်နီနဲ့ ရေးသားမှတ်ချက်ပြုပြီး လက်မှတ်ရေးထိုးပေးလိုက်တယ်၊ အဲ့ဒီ လက်မှတ်ကို ဟုမ္မလင်း ရစက ကလည်း အသိအမှတ်ပြု ကူညီတယ် ၊ ဖောင်းပြင် ရစက ကလည်း အသိအမှတ်ပြုတယ်၊ အဲ့ဒီအပြင် တာဝန်နဲ့ ခရီးသွားလာခွင့်ရှိတဲ့ တပ်မတော်အရာရှိ မိသားစုကိုပါ တင်ပေးလိုက်သေးတယ်၊ ကျွန်တော်တို့က ရေယာဉ်နဲ့ အသက်ဝမ်းမွေးရတော့ ရေးကြောင်းဥပဒေကို လေးစားလိုက်နာတယ်၊ အခုလို ရွေးကောက်ပွဲ ပညာရေးဝန်ထမ်းတွေနဲ့ တပ်မတော်အရာရှိ မိသားစု တင်ခဲ့တယ်ဆိုတာလည်း ရေကြောင်းဥပဒေကို လွန်ဆန်တာ ဆန့်ကျင်တာ မဟုတ်ဘူး၊ သက်ဆိုင်ရာ ရစကတွေက တရားဝင် မေတ္တာရပ်ခံတာကြောင့်ဖြစ်တယ်၊ အဲ့ဒီ အခြေအနေနဲ့ အချက်အလက် အထောက်အထားတွေကို တင်ပြပေမယ့်လည်း ကလေးဝမြို့မရဲစခန်းက ရဲ ဒု-တပ်ကြပ် မျိုးမင်းသိုက်ထွန်းနဲ့အဖွဲ့က ဖြေရှင်းချက်မရှိ ခရီးသည်တွေတင်လာလို့ဆိုပြီး ဖမ်းတယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲတာဝန်ကျ ပညာရေးဝန်ထမ်းတွေ နေရပ်ပြန်ဖို့ လိုက်ပါလာတဲ့ ဝင်းပပအောင် (၂) ရေယာဉ်ကို ခရီးသည်တွေတင်ဆောင်ပြေးဆွဲတယ်ဆိုပြီး ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အမည်မဖော်လိုတဲ့ ကလေးဝမြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်ကလည်း ” ကလေးဝမြို့နယ် ရစက အဖွဲ့ဝင် ဦးမောင်မောင်အေးဆိုသူက တရားလိုလုပ်ပြီး တိုင်တန်းတာကြောင့် ရဲစခန်း(ပ)၂၇၅ /၂၀၂၀၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်များဥပဒေ-၄၃ အရ အမှုဖွင့်ထားပြီး အဲ့ဒီ အမှုကို ဒု-ရဲအုပ် မျိုးမြင့်သူက စစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။

စက်တင်ဘာလက ကိုဗစ်ရောဂါ ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုဖြစ်ပေါ်နေချိန် ရောဂါကူးဆက်မှု ထိန်းချုပ်နိုင်ဖို့အတွက် ချင်းတွင်း မြစ်ကြောင်းသွားတဲ့ ခရီးသည်တင်ရေယာဉ်တွေ ပြေးဆွဲတာကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာယီရပ်နားထားဖို့ အမိန့်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရွေးကောက်ပွဲ အထောက်အကူပြုကိစ္စနဲ့ပတ်သက်ပြီး ချင်းတွင်းမြစ်ဖျားဒေသကို သွားရောက်ခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေဟာ နေရပ်ပြန်နိုင်ဖို့ အခက်အခဲ ဖြစ်နေကြတာလို့ သိရပါတယ်။

မုံရွာ – ခန္တီး ကုန်တင်သီးသန့် ပြေးဆွဲနေတဲ့ ရွှေနဒီ ရေယာဉ် ဂိတ်မှူး ကိုမျိုးကလည်း ” အဲ့ဒီ ရေယာဉ် စစ်ရေးအဖွဲ့တွေဟာ သတ်မှတ်ချက်နဲ့အညီ ပြေးဆွဲလည်း ငွေကြေးကောက်ခံတာတွေရှိတယ်၊ အခုဟာက ရွေးကောက်ပွဲပြန် ပညာရေးဝန်ထမ်းတွေ ဖြစ်တယ်ဆိုတာ သိသိနဲ့ ရေယာဉ်ကို ဖမ်းဆီးတယ်၊ အဲ့ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဆီကို အခုကိစ္စနဲ့ ပတ်သက်လို့ တင်ပြသွားမယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲတာဝန်ကျပြီး ပြန်လာတဲ့ ပညာရေးဝန်ထမ်းတွေ ဖြစ်တယ်ဆိုတာ သိလျက်နဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ပြီး မလျော်သြဇာအသုံးပြုကာ ရေယာဉ်ကို ဖမ်းဆီးခဲ့တဲ့အတွက် စီးနင်းလိုက်ပါလာခဲ့တဲ့ ပညာရေးဝန်ထမ်း ၆၀ ကျော်ကလည်း အဲ့ဒီကိစ္စကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တင်ပြသွားမယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးကြီး ဦးသန်ညွှန့်ဝင်း(ခ)ဦးသန်းညွှန့်ကို VOM က ဒီဇင်ဘာ ၁ရက်နေ့ ညနေ ၃ နာရီ ၃ မိနစ်က ဖုန်းခေါ်ဆိုတဲ့အခါ ကျနော် ကားမောင်းနေလို့ ရွှေဘိုကနေပြန်လာနေလို့ ပြီးမှဆက်ပါလို့ ပြန်လည် ပြောဆို ဖုန်းချသွားခဲ့ပြီး ၆ နာရီ ၂၁ မိနစ်မှာ နောက်တကြိမ် ဖုန်းခေါ်ပေမယ့် ဖုန်းပြန်လည်ဖြေကြားမှု မရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #မုံရွာ #မဲရုံတာဝန်ကျ #ပညာရေးဝန်ထမ်း #နေရပ်ပြန်ခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW