စက်ရုံပိတ်သိမ်းပြီး နစ်နာကြေးမပေးတဲ့အလုပ်ရှင်ကို အရေးယူပေးဖို့ အလုပ်သမားတွေက ဆန္ဒပြ

ဒီဇင်ဘာ ၁-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိူင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ရုံးရှေ့မှာ စက်ရုံမပိတ်သိမ်းမီ ဥပဒေနှင့်အညီ နစ်နာကြေးမပေးတဲ့ အလုပ်ရှင်ကို ဥပဒေအရအရေးယူဆောင်ရွက်ပေးဖို့အတွက် အလုပ်သမားတွေက ဒီကနေ့မနက်ပိုင်းမှာပဲ ဆန္ဒပြခဲ့ကြပါတယ်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Young Clothing အထည်ချုပ်စက်ရုံက အလုပ်ရှင်ဟာ စက်ရုံပိတ်သိမ်းပြီးနောက်ပိုင်း နစ်နာကြေးမပေးတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။

“စက်ရုံပိတ်တာက ရှစ်လပိုင်းကတည်းက အခုချိန်ထိ နစ်နာကြေးမရသေးဘူး၊ ဒါကြောင့် အလုပ်ရှင်ကိုအရေးယူပေးဖို့ ဒါမှမဟုတ် ရင်းနှီးမြှပ်နှံကော်မရှင်က ကူညီဖြေရှင်းပေးဖို့ ဆန္ဒပြတာပါ”လို့ ကိုကျော်ကျော်ကပြောပါတယ်။

Young Clothing အထည်ချုပ်စက်ရုံက အလုပ်ရှင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က စက်ရုံကို အပြီးပိတ်သိမ်းခဲ့ပေမယ့်လည်း အလုပ်သမားတွေကို အခြေခံလစာ ၁၄၄၀၀၀ ကျပ်သာပေးပြီး အခြားနစ်နာကြေးပေးတာတွေ မရှိဘူးလို့ စက်ရုံအလုပ်သမား မအေးနန္ဒာကပြောပါတယ်။

” မြန်မာရင်းနှီးမြှပ်နှံမှုကော်မရှင်ရုံးကို နိုဝင်ဘာလ ၂၇ရက်နေ့က အလုပ်သမား ၅ ဦးက ဦးဆောင်ပြီး ဒီကိစွနဲ့ပတ်သက်လို့ အလုပ်ရှင်နဲ့ အလုပ်သမားတို့ကို တွေ့ဆုံပြီး ဥပဒေအရကူညီဖြေရှင်းပေးဖို့ စာပေးပို့ခဲ့တယ်”လို့ မအေးနန္ဒာကပြောပါတယ်။

ဆန္ဒပြပွဲမှာ အလုပ်သမား ၂၇ဦးခန့်ရှိပြီး အလုပ်သမားရုံးတွေက ကူညီဖြေရှင်းပေးဖို့နဲ့ အလုပ်ရှင်ကို ဥပဒေအရအရေးယူဆောင်ရွက်ပေးဖို့ကို ကြွေးကြော်ခဲ့ကြပါတယ်။

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Young Clothing အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ဲနှစ်တွေကလည်း အလုပ်သမား၊ အလုပ်ရှင်ပြသာနာတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး လုပ်ငန်းရပ်ဆိုင်းခံခဲ့ရတဲ့ စက်ရုံဖြစ်ပါတယ်။

Youn Clothing အထည်ချုပ်ဟာ လှိုင်သာယာမှာပဲ ပိတ်ထားပေမယ့် Young Clothing(2) ရွှေပြည်သာနဲ့ Young Clothing(3) နေပြည်တော်တို့မှာ လုပ်ငန်းလည်ပတ်နေသေးတယ်လို့ အလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အလုပ်သမား #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW