စလင်းမြို့နယ်နဲ့ ချောက်မြို့နယ်မှာ မြေယာအငြင်းပွားမှုတွေဖြစ်နေ

ဒီဇင်ဘာ ၃-၂၀၂၀
ဂျန်ကိုလ်း (VOM)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာနဲ့ ချောက်မြို့နယ်၊ ကျောက်ရဲရွာသစ်မှာ တောင်သူတွေမြေယာအငြင်းပွားမှုဖြစ်နေကြတဲ့အတွက် မြို့နယ်က ကွင်းဆင်းစစ်ဆေးနေရတယ်လို့ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

မြေနုကျွန်းဟာ ချောက်မြို့နယ်နဲ့ စလင်းမြို့နယ်ရဲ့နယ်ခြားဒေသဖြစ်ပြီး မြေနုကျွန်းပြဿနာကြောင့်၂၀၁၆ခုနှစ်ကလည်း မြေတိုင်းတာမှု တစ်ခါပြုလုပ်ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ရဲအုပ်စု၊ ရွာသစ်ကျေးရွာနေ ဦးမောင်သောင်းက”စလင်းမြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာနဲ့ ချောက်မြို့နယ်၊ ရွာသစ်ကျေးရွာတို့မြေယာပြဿနာဖြစ်တော့ နှစ်ဖက်မြေစာရင်းတွေ တိုင်းလိုက်တဲ့အခါ ကျွန်တော့်တို့ဘက်ပါတယ်ဆိုတဲ့ သင်္ဘောမြုပ်ကြီးဟာ စလင်းမြို့နယ်ဘက်မှာ တက်တက်စဉ်ကြီးကွာနေပါတယ်၊၂၀၁၆ခုနှစ်မှာလည်းတစ်ခါ တိုင်းပါတယ်၊ တိုင်းတော့လည်း ထိုနည်း၎င်းပါပဲ၊ တာဝန်ရှိလူကြီးတွေနှစ်ဖက်လုံးကို ထွန်ယက်မစိုက်ပျိုးဖို့တားထားတာကို စလင်းမြို့နယ်ဘက်က ကျူးကျော်ဝင်ရောက်ပြီးတော့စိုက်ပျိုးနေတယ်”လို့ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ကိုပဲ ကျောက်ရဲကျွန်းကျေးရွာနေ ဦးခင်မောင်ဇော်ကလည်း ”မြေနုကျွန်းကိုကျူးကျော်လုပ်နေတာမဟုတ်ပါဘူး၊ ကျွန်တော်တို့ပိုင်တဲ့နယ်နိမိတ်ထဲကိုပဲ လုပ်တာပါ၊ သူတို့မှာ လုပ်စရာမြေနုကျွန်းကမရှိတော့ ဟိုတိုင် ဒီတော လုပ်နေတာပါ၊ ကျွန်တော်တို့ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ကိုယ်နယ်နိမိတ်ထဲ ကိုယ်ထွန်ယက်စိုက်ပျိုးနိုင်တယ်လို့ ပြောပါတယ်၊ အခုလိုမြေနုကျွန်းပြဿနာတွေဖြစ်နေရတာဟာ တာဝန်ရှိသူတွေက ပြတ်ပြတ်သား မဆုံးဖြတ်လို့ဖြစ်နေတာပါ” လို့ ပြောပါတယ်။

အခုလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ကွင်းဆင်းတာကတော့မနေ့က ကျေးရွာလယ်/စီ ဥက္ကဋ္ဌ ကျေးရွာအုပ်ချုပ်ရေးမှူးကနေပြီးတော့ ချောက်မြို့နယ်နဲ့စလင်းမြို့နယ် နယ်ခြားမှာ ချောက်မြို့ပိုင်နယ်နိမိတ်ထဲကို စလင်းမြို့နယ်ကတောင်သူတွေက ဝင်ရောက်ပြီးတော့ ထွန်ယက်စိုက်ပျိုးနေတဲ့အကြောင်း ဒီနေ့မနက်လည်း သတင်းပို့လာတဲ့အတွက် မြေပြင်ကိုဘယ်လောက်ထိစိုက်ပျိုးနေသလဲဆိုတာကို ကွင်းဆင်းပြီးတော့ကြည့်တာပါ၊ ကျူးကျော်စိုက်ပျိုးနေသလားဆိုတာကိုသိရအောင်လို့ ကွင်းဆင်းတာပါ၊ တိုင်းဒေသကြီးမှာတော့ တိုင်းတာရေးအဖွဲ့လည်းဖွဲ့စည်းထားပြီးဖြစ်ပါတယ်၊မြေပုံမှတ်တမ်းတွေမှာလည်း နှစ်ဖက်မြို့နယ်ကတာဝန်ရှိသူတွေလည်း သတောတူထားပြီးသားလည်းဖြစ်ပါတယ်၊ တိုင်းတာဖို့ကိစ္စက တွန်းအားပေးပြီး ဆောင်ရွက်ဖို့ရှိတယ်”လို့ ပြောပါတယ်။

အဲ့ဒီမြေနုကျွန်းပြဿနာကို နှစ်ဘက်ပြေလည်အောင် အမှန်အတိုင်းအမြန်ဆုံးဖြေရှင်းပေးဖို့ တောင်သူတွေက လိုလားနေကြတယ်လို့လည်း သိရပါတယ်။

” ဒီမြေနုကျွန်းပြဿနာတွေ ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ဆိုတာဟာ အုပ်ချုပ်မှုနယ်နိမိတ်စည်းတွေကို တိတိကျကျအကောင်အထည်ဖော်ရမယ် ၊မြေစာရင်းဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနတွေက ခေါင်းရှောင်နေလို့မရပါဘူး၊ အဲ့ဒီမြေနုကျွန်းပြဿနာတွေကို တိုင်းဒေသကြီးအစိုးရဌာနကကြီးကြပ်ပြီးတော့မှ ပြည်ထောင်စုအဆင့်က ဖြေရှင်းပေးနိုင်မှသာ ဒီမြေနုကျွန်းပြဿနာတွေဟာ အပြီးအပြတ် ငြိမ်းနိုင်မှာပါ၊ အုပ်ချုပ်ရေးနယ်နိမိတ်စည်းကို ပြန်ပြီးတော့တိတိကျကျမြေစာရင်းဌာနက ‌ဘက်မလိုက်ပဲနဲ့မြေပုံကို ၃မျိုးလောက်ဆွဲပြီးသုံးရမှာပါ ၊မြေနုကျွန်းတွေနဲ့ပတ်သက်ပြီး မြေစာရင်းဌာနရဲ့မြေပုံ၊ နောက်တစ်ခါ UDMမတ်မြေပုံ ၊ မြစ်ကြောင်းဖြိုးဌာနကနေ နှစ်စဉ်တိုင်းထားတဲ့မြစ်ကြောင်းပြောင်းလဲမှုမြေပုံ ဒီမြေပုံ၃မျိုးနဲ့တိုက်ကြည့်ပြီးတော့မှ စီစစ်ပြီးတော့မှ ဆုံးဖြတ်ပေးမှရမှာပါ၊
မြေစာရင်းမြေပုံတစ်ခုထဲထားပြီးဖြေရှင်းနေရင် ဘက်လိုက်မှုတွေဖြစ်နေပါလိမ့်မယ်၊
မြေနုကျွန်းပြဿနာလည်းဖြစ်မြဲဖြစ်နေအုံးမှာပါ”လို့ စလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ပြောပါတယ်။

၂၀၁၉ခုနှစ်ကလည်း မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ မြေနုကျွန်းမြေယာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီး တစ်နှစ်ကျော်ကြာတဲ့အချိန်မှာ ပဋိပက္ခဖြစ်ပွားကာ လူဒါဇင်နဲ့ချီတဲ့သေဆုံးမှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #မြေယာအငြင်းပွားမှု

Related posts

Leave a Comment

VOM News

FREE
VIEW