မြောက်ဦးက ရှေးဟောင်းဘုရားတွေအနီး အမှိုက်တွေ စည်းကမ်းမဲ့ပစ်တာဟာ ရခိုင်ပြည် ပုံရိပ်ကိုထိခိုက်

ဒီဇင်ဘာ ၁၈-၂၀၂၀
ထက်အောင်စိုင်း (VOM)

မြောက်ဦးမြို့မှာ အခုရက်ပိုင်း ဘုရားဖူးခရီးသည်လာရောက်လည်ပတ်မှုများပြားခဲ့ပြီး အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်တာရှိတဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပုံရိပ်ကို ထိခိုက်စေကြောင်း မြောက်ဦးမြို့ပေါ်က လူငယ်အရပ်ဖက်ခေါင်ဆောင်တွေက ပြောပါတယ်။

“ မြောက်ဦးဟာ ကမ္ဘာ့ရှေးဟောင်အမွေအနှစ် (UNESCO) စာရင်းဝင်ဖို့အတွက် ကြိုးစားနေတဲ့နေရာဒေသတစ်ခုဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်တွေကလည်း နိုင်ငံခြားသားတွေလာတာ အများကြီးရှိတယ်။ သူတို့ တန်ဖိုးထားပြီးမှ လာရောက်လည်ပတ်တဲ့အခါမှာ အမှိုက်တွေကိုမြင်ရတယ်ဆိုတော့ ကျနော်တို့ မြောက်ဦးသာမက ရခိုင်လူမျိုး၊ ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွက်ပါ ပုံရိပ်ကျဆင်းမှုတွေ ဖြစ်နိုင်တာပေါ့။ အမှိုက်တွေကို စနစ်တကျစွန့်ပစ်တာလည်းမရှိရင် ဒီလူတွေဟာ စည်းကမ်းမရှိကြပါလားဆိုပြီး အလိုပုံစံမျိုး ကမ္ဘာလှည့်ခရီးသွားတွေက မြင်သွားစေနိုင်ပါတယ်” လို့ မြောက်ဦးမြို့ပေါ်က လူငယ်အရပ်ဖက်ခေါင်းဆောင် ကိုရွှေသန်းကျော်က ထောက်ပြပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်ယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့က ထင်ရှားတဲ့ ရှေးဟောင်းဘုရားပုထိုးတွေအနီးမှာ ဒီဇင်ဘာလအတွင်း ပြည်တွင်းစစ်ပွဲတွေရပ်တန့်နေလို့ ဘုရားဖူးခရီးသည် သောင်းနဲ့ ချီလာရောက်ပြီးနောက်ပိုင်းမှာ အမှိုက်တွေကို စည်းကမ်းမဲ့ပစ်လို့ ပညာပေးအစီအစဉ်အဖြစ် မြောက်ဦးမြို့ပေါ်က လူငယ်အရပ်ဖက်အဖွဲ့အစည်းတစ်ခုက သန့်ရှင်းရေးတွေလုပ်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိအနေအထားအရ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိတာနဲ့ အညီ ဆောင်းရာသီဟာ ခရီးသွားရာသီလည်းဖြစ်တဲ့အတွက် ဘုရားဖူးခရီသွားတွေဟာ အမြို့မြို့အနယ်နယ်က လာရောက်မှု အခုရက်ပိုင်း ပိုများပြားစွာရောက်ရှိလာကြပြီး ဘုရားပုထိုးတွေအနီးမှာ တစ်ခါသုံး (Mask) တွေနဲ့ ပလက်စတစ်တွေ ရှုပ်ပွနေတာ တွေ့မြင်ရတဲ့အတွက်ကြောင့် အခုလိုမျိုး အမှိုက်နဲ့ ဆက်စပ်ပြီး ပညာပေးကမ်ပိန်းလုပ်ရခြင်းဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

ကမ်ပိန်းကို ဦးဆောင်ပြုလုပ်တဲ့ မြောက်ဦးလူငယ်အရပ်ဖက်အဖွဲ့အစည်းက ကိုရွှေသန်းကျော်က “ ကျနော်တို့က ပညာပေးကမ်ပိန်းတစ်ခုလုပ်တာပေါ့။ လုပ်တဲ့အခါမှာ အမှိုက်ပုံး (၂၀) လောက်ကို အဲ့ဒီ လူစည်ကားတဲ့ ဘုရားပုထိုးတွေ ရှိတဲ့နေရာတွေမှာ ထားခဲ့တယ်။ ကျနော်တို့ လုပ်တဲ့အချိန်ကလည်း မနက် ၈ နာရီလောက်မှာဆိုတော့ ဘုရားဖူးတချို့လည်း ရှိကြတယ်။ ဘုရားဖူးတွေက မုန့်စားနေတဲ့အချိန်ပေါ့၊ အဲဒီလို သူတို့အရှေ့မှာ အမှိုက်ကောက်တယ်။ ဓာတ်ပုံတွေရိုက်တယ်။ ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ ဒီလို အမှိုက်တွေကောက်နေတဲ့အတွက် ကြုံသလို အမှိုက်တွေ မပစ်အောင်၊ ပလက်စတစ်ဆိုတာလည်း ကျနော်တို့ မြို့တွေရွာတွေကို ဘယ်လောက်ထိ ညစ်ညမ်းစေသလဲဆိုတာကို သိလိုတာကြောင့် အခုလို လုပ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုလိုမျိုး ပညာပေးကမ်ပိန်းတွေကို ဆောင်ရွက်တဲ့အခါမှာ မြောက်ဦးမြို့ပေါ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ ရံပုံငွေမလုံလောက်တဲ့ အခက်အခဲတွေကြုံတွေ့ရပေမယ့် အဖွဲ့ဝင်တွေရဲ့ လစဉ်ကြေးတွေ၊ အလှူရှင်တချို့ရဲ့ ထောက်ပံ့ငွေတွေနဲ့ ရပ်တည်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။

“ ကျနော်တို့ ဒီနေ့ အမှိုက်ကောက်တဲ့ ကမ်ပိန်းလုပ်တာရဲ့ အဓိက ဦးတည်ချက်ထားတဲ့ နေရာတွေကတော့ ဘုရားပုထိုးတွေနဲ့ တံတားတွေကို အဓိကဦးတည်ချက်ထားတယ်။ ရှေ့လာမယ့် ရက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်တစ်ခုကို သန့်ရှင်းရေးလုပ်သွားဖို့ ရှိတယ်။ ကျနော်တို့က ဒီထက်ပိုပြီး လုပ်ချင်တာတွေရှိတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ အပေါ်က ပြောခဲ့သလိုပဲ အခက်အခဲတွေ ရှိတာပေါ့” လို့ ကိုရွှေသန်းကျော်ကပြောပါတယ်။

မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေဟာ ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံမှာလည်း ခရီးသွားတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ အာရုံစိုက်တဲ့ ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့ရှေးဟောင်းအမွှေအနှစ် စာရင်းဝင်ဖို့ ကြိုးပမ်းနေဆဲ ဒေသတစ်ခု ဖြစ်တဲ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရခိုင်ဘုရင်တွေ ထီးနန်းစိုက်ခဲ့တဲ့မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။

Photo- မြောက်ဦးလူငယ်များအစည်းအရူံး (MUYA)
#voiceofmyanmar #VOM #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW