ရသေ့တောင်က စစ်ဘေးရှောင်စခန်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့

ဒီဇင်ဘာ ၂၂-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကမ်း အနောက်ဖက်က စေတီပြင်တိုက်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခု မနေ့ ဒီဇင်ဘာ ၂၁ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

စေတီပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းမှာ ဝါး၊ ဓနိတွေနဲ့ အသစ်ဆောက်လုပ်ထားတဲ့ (၅) ခန်းတွဲ အဆောင်တစ်ခုရဲ့ ထမင်းချက်မီးဖိုကနေပြီး မီးလောင်မှုစတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မီးက အကြီးအကျယ်လောင်တာတော့ မဟုတ်ဘူး။ ပေါ့ဆမီးကြောင့် နည်းနည်းလေး လောင်သွာတာ။ မီးလောင်တာနဲ့ပတ်သက်ပြီး စခန်းကတာဝန်ရှိတဲ့လူတွေကိုတော့ ရုံးကိုတွေ့ဖို့ ခေါ်ထားတယ်။ နောက်ဒီလို မဖြစ်အောင်ပေါ့။ မီးသတ်တပ်ဖွဲ့ကလည်း ရက်ပိုင်းလောက်ကပဲ
ဆောင်းရာသီကာလ နဲ့ လာမယ့်နွေရာသီတွေမှာ စစ်ဘေးရှောင်စခန်းတွေအတွင်း မီးလောင်မှုအန္တရာယ် ကြိုတင်ကာကွယ်ဖို့ သတိပေးတာတွေရှိတယ်”လို့ စေတီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းလှိုင်က ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားတာကို ချက်ချင်းသိရတဲ့အတွက် အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် စစ်ဘေးရှောင်တွေ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ပေမယ့် အဲ့ဒီအဆောင်က ဝါးနံရံနဲ့ ခေါင်မိုးတချို့ မီးလောင်ပျက်စီးသွားတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေအရေးဆောင်ရွက်နေတဲ့ စေတီပြင်ကျေးရွာက ဦးမောင်စောဝင်းက” စစ်ဘေးရှောင်စခန်းတွေမှာ နေရာကလည်း သိပ်ရတာမဟုတ်ဘူး။ အဆင်ပြေသလို ဆောက်ထားရတာဆိုတော့ ကျဉ်းကျပ်တာပေါ့။ အခုက ထမင်းချက်မီးဖိုကလောင်တာ။ နွေရာသီမှာသာ အဲ့ဒီလိုဖြစ်မယ်ဆိုရင် တစ်ဆောင်မှ ကျန်မှာမဟုတ်ဘူး။ အဆောင်တွေက ကပ်နေတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ အခုလိုမီးဘေးအန္တရယ်နဲ့ ပတ်သက်ပြီး သတိထားသင့်တယ်ဆိုတာကို သတင်းဌာနတွေအနေနဲ့လည်း ပြောစေချင်ပါတယ်”လို့ ပြောပါတယ်။

စေတီပြင်ကျေးရွာက စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း အသေးစားမီးလောင်ကျွမ်းမှု တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းနဲ့ လူထိခိုက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။

မြေပုံမြို့နယ်က ကိုင်းကြီး စစ်ဘေးရှောင်ခန်းတာဝန်ခံ ကိုရွှေစိုးကလည်း ” ကျနော်တို့ မြေပုံဖက်မှာက ဘာမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြင်ဆင်ထားတာ မရှိသေးဘူး။ အခုက ဆောင်းရာသီဖြစ်လို့ နွေရာသီရောက်လာရင် အဲဒီ မီးဘေးအန္တရာယ်က စစ်ဘေးရှောင်စခန်းတွေမှာ စိုးရိမ်ရပါတယ်။” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်စခန်း ရာနဲ့ချီရှိပြီး စစ်ဘေးရှောင်စခန်း အားလုံးနီးပါးရဲ့ တည်ဆောက်ပုံဟာ ဓနိမိုး၊ ဝါးထရံကာ ဖြစ်တဲ့အပြင် (၅)ခန်းတွဲ၊ (၆) ခန်းတွဲပုံစံ စီစဉ်ထားတဲ့အတွက် မီးဘေးအန္တရာယ်ကျရောက်လာပါက စိုးရိမ်ရတဲ့ အခြေအနေရှိနေတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင် #စစ်ဘေးရှောင်စခန်း #မီးလောင်မှုဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW