ဆွေလင်းထွန်း(VOM)
၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ၁၉ ရောဂါဟာ ကမ္ဘာအနှံ့ကိုကူးစက်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကပ်ရောဂါဖြစ်လာပြီလို့ မတ်လထဲမှာ ကြေညာခဲ့ရပါတယ်။
ကိုဗစ်ရောဂါမဖြစ်ခင်ကတည်းက ကမ္ဘာကြီးဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် နာမကျန်းဖြစ်နေရတဲ့ထဲ တခါသုံး နှာခေါင်းစည်းတွေ၊ လက်အိတ်တွေနဲ့ ပိုးကာဝတ်စုံ စတဲ့ စွန့်ပစ်ပစ္စည်းတွေက ဘူးလေးရာဖရုံဆင့်ဆိုသလိုဖြစ်လို့ ကမ္ဘာမြေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေပါတယ်။
အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်အဖွဲ့ဖြစ်တဲ့ Ocean Conservancy အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ်ကသုတေသနတွေအရ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ တနှစ်ကိုပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်း တသန်းခန့် ပင်လယ်တွေထဲကို တရားမဝင် စွန့်ပစ်နေတယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ ပင်လယ်ထဲကို နှစ်စဉ်ရောက်ရှိနေတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့၆၀ရာခိုင်နှုန်းခန့် ဖြစ်ပါတယ်။
ကိုဗစ် ၁၉ ရောဂါ အလျင်အမြန်ပျံ့ပွားလာပြီးနောက် ရောဂါကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက်နှာခေါင်းစည်းတွေ၊ ပိုးကာဝတ်စုံတွေ၊ လက်အိတ်တွေကို အသုံးပြုမှု များလာတာနဲ့အတူ စွန့်ပစ်မှုတွေကနေကမ္ဘာ့လေထု၊ မြေထုနဲ့ သမုဒ္ဒရာတွေကို ညစ်ညမ်းမှုတွေလည်း တိုးများလာပါတယ်။ ကမ္ဘာအနှံ့မှာ ဈေးကွက်သုတေသနတွေ ဆောင်ရွက်နေတဲ့ QY Research ရဲ့ ယခုနှစ် ဧပြီလအတွင်းက သုတေသနတခုအရ တရုတ်နိုင်ငံရဲ့ နှာခေါင်းစည်း ထုတ်လုပ်မှုအရေအတွက်ဟာ ၂၀၂၀ ခုနှစ်မှာ အရင်နှစ်ကထက် ၁၅၀ ရာခိုင်နှုန်းကျော်မြင့်တက်လာပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၁၉ ဖေဖော်ဝါရီလအတွင်း နှာခေါင်းစည်းအရေအတွက် တရက်ကို ၁၁၆သန်းအထိ ထုတ်လုပ်ခဲ့ရပြီး ဝူဟန်မြို့မှာ ကိုဗစ်ရောဂါကူးဆက်မှုမြင့်မားလာတဲ့အချိန်မှာတော့ ဝူဟန်မြို့ရဲ့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေစွန့်ပစ်မှုဟာ တရက်ကို ၂၄၀ တန်ထိ ရှိခဲ့တယ်လို့ South China Morning Post ရဲ့ ဆောင်းပါးတွေအရ သိရပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းအရေအတွက်ဟာ ကိုဗစ်ရောဂါ မဖြစ်ပွားခင်ကာလတွေထက် ၆ဆအထိ ပိုမိုများပြားလာတာပဲ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားတဲ့ ကမ္ဘာ့အဖွဲ့ကြီး တခုဖြစ်တဲ့ Green Peace က စွန့်ပစ်အမှိုက်တွေထဲမှာ အသုံးပြုပြီးသား mask တွေဟာ သဘာဝပတ်ဝန်းကျင်၊ သားရိုင်းတိရိစ္ဆာန်တွေနဲ့၊ ပင်လယ်ပြင်ကိုအန္တရာယ် ပေးမယ့် အခြေအနေတွေ တွေ့လာနေရပြီလို့ ဆိုပါတယ်၊
ဆေးရုံ ဆေးပေးခန်းတွေမှာ သုံးတဲ့ mask တွေကို နိုင်ငံအများစုက စနစ်တကျ စွန့်ပစ်ကြတာ ရှိနေပေမယ့်အများပြည်သူတွေ အသုံးပြုနေတဲ့ တခါသုံး mask တွေကို စနစ်တကျ မစွန့်ပစ်ကြတဲ့အတွက် ကပ်ဘေးကာလမှာ ဒီ တခါသုံးmask တွေ စွန့်ပစ်မှုကို နိုင်ငံတကာက အလေးထားစီမံသင့်တယ်လို့ Green peace အဖွဲ့က ပြောပါတယ်။
တခါသုံး သုံးလွှာ mask တွေမှာ ပလတ်စတစ်တွေ ပါဝင်သလို၊ သဘာဝအတိုင်း လွယ်လွယ်ကူကူ မပျက်စီးနိုင်တဲ့အပြင် ရောဂါကူးစက်ပျံ့ပွားမှု အန္တရာယ် ရှိနေတာကြောင့် တခြားနေရာမှာ ပြန်လည် အသုံးချခြင်းrecycle လုပ်လို့ကလည်း မရတဲ့အတွက် တခါသုံး mask တွေ အစား တခြား လုံခြုံစိတ်ချရတဲ့ ကပ်ရောဂါကိုလည်း ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ရှာကြရမယ်လို့လည်း Green Peace အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ UN အဖွဲ့အစည်းကပါ တညီတညွတ်တည်း ပြောထားပါတယ်။
တခါသုံး Surgical mask တွေမှာ အဓိက ပါဝင်တဲ့ polypropylene ဆိုတာဟာ ပလတ်စတစ် အမျိုးအစားသာဖြစ်ပြီး၊ ဒီ တခါသုံး mask တခုကို စွန့်ပစ်လိုက်တဲ့အခါ သဘာဝအတိုင်း ကြေပျက်သွားပြီး ကမ္ဘာမြေပေါ်ကနေ လုံးဝ အစမကျန် ပျောက်သွားဖို့ဆိုတာ နှစ်ပေါင်း ၄၅၀ အထိ ကြာမြင့်မှာဖြစ်တယ်လို့ပညာရှင်တွေက တွက်ချက်ထားပါတယ်။
ကျနော်တို့ အသုံးပြုပြီး အမှတ်တမဲ့ လမ်းပေါ်ကို ဒီတိုင်း စွန့်ပစ်လိုက်မယ်ဆိုရင် ဒီ mask တွေဟာရေမြောင်းတွေကနေတဆင့် မြစ်တွေ၊ ချောင်းတွေ ပင်လယ် သမုဒ္ဒရာတွေထဲ အထိ စီးမျောသွားပြီး ရေနေသတ္တဝါတွေကိုပါ ထိခိုက်စေပါတယ်၊
နယ်မြို့တွေ၊ တောရွာတွေမှာ ဒီမတိုင်း စွန့်ပစ်မယ်ဆိုရင်လည်း တောရိုင်းသတ္တဝါတွေကို ထိခိုက်မှုတွေ ရှိလာမှာပါပဲ။ ဒီလို ထိခိုက်မှုတွေဟာ နိုင်ငံတကာမှာပါ ဖြစ်လာနေတာကို ကမ္ဘာ့သတင်းတွေမှာ အကျယ်တဝင့်ဖော်ပြလာကြတာကို တွေ့မြင်ကြရမှာပါ။
mask တွေရဲ့ ကြိုးနဲ့ ငြိနေတဲ့ ငှက်ကလေးတွေ၊ ပင်လယ်ပြင်ထဲ မျောနေတဲ့ ထောင်သောင်းချီတဲ့ mask တွေ၊အပျော်တမ်းရေငုပ်သမားတွေ ဆယ်မိလာတဲ့ စွန့်ပစ် mask တသီတန်းကြီးတွေက သက်သေပါပဲ။ အဲ့ဒီအတွက် အသုံးပြုပြီး တခါသုံး mask တွေကို စွန့်ပစ်မယ်ဆိုရင် အတွင်းဘက်ကိုသေချာလိပ်ပြီးစွန့်ပစ်ဖို့၊Mask မှာပါတဲ့ ကြိုးတွေကို ဖြုတ်ပြီးမှ စွန့်ပစ်ဖို့တို့ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကတိုက်တွန်းထားပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ mask တွေကို လိုက်လံကောက်ယူတာမျိုးတွေ လုပ်နေကြပေမယ့် ရေရှည်အဆင်ပြေဖို့ဆိုရင်တော့ အန္တရာယ်ရှိတဲ့ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းတွေကို စွန့်ပစ်ဖို့အမှိုက်ပုံးတွေ သီးခြားထားပေးဖို့လိုသလိုအများပြည်သူအနေနဲ့လည်း အဆိုပါအမှိုက်ပုံးတွေမှာသာ စနစ်တကျစွန့်ပစ်ဖို့ လိုပါတယ်။
ကိုဗစ်နဲ့အတူ တိုးများလာတဲ့ ပလတ်စတစ်အမှိုက်တွေကို မြေကျင်းတွေတူးပြီး မြှုပ်နှံရင်လည်း မြေနေရာအများအပြားမရှိတဲ့ ဒေသတွေအတွက် အဆင်မပြေတဲ့အတွက် မီးရှို့ခြင်းကပဲ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်နေပါတယ်။
မန္တလေးမြို့အတွင်း ကိုဗစ်ပိုးတွေ့လူနာတွေ၊ ထိစပ်လူနာတွေကို ဆေးရုံတွေနဲ့ ကွာရန်တင်းစင်တာတွေကိုပို့ဆောင်ပေးနေတယ့် ပရဟိတမင်းခေါင် လူမှုကယ်ဆယ်ရေးအဖွဲ့က သူတို့အဖွဲ့ အသုံးပြုတဲ့ ကိုဗစ်ကာကွယ်ရေးဝတ်စုံ ၁၂၀ကျော်ကို နေ့စဉ် စွန့်ပစ်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ စွန့်ပစ်ပစ္စည်းတွေကို ပီပါအပြတ်တွေထဲမှာထည့်ပြီး ဖုံးအုပ်ကာ မီးရှို့တယ်လို့ ပြောပါတယ်။
မီးရှို့ခြင်းကနေလည်း လူကိုအန္တရာယ်ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ကာဗွန်မိုနောက်ဆိုက်ဓါတ်ငွေ့တွေ ထွက်တဲ့အတွက် လေထုညစ်ညမ်းမှုကို လျှော့ချစေနိုင်မယ့် filter တွေတပ်ဆင်ထားတဲ့ မီးရှို့စက်တွေကိုအသုံးပြုသင့်ပြီး လူနေအိမ်တွေနဲ့ဝေးတဲ့ နေရာတွေမှာပဲ မီးရှို့တာတွေ လုပ်သင့်တယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာလွင်လွင်ဝေက ပြောပါတယ်။
လူတွေအသုံးပြုပြီးသား အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကတဆင့် ဗိုင်းရပ်စ်အသစ်တွေ ပေါက်ဖွားလာပြီးအဲ့ဒီဗိုင်းရပ်စ်တွေကနေ လူတွေကို အန္တရာယ်ပြန်ဖြစ်စေနိုင်တာဖြစ်ပါတယ်။
“ဇီဝမျိုးစုံမျိုးကွဲတွေကျက်စားနိုင်မယ့် သစ်တောသစ်ပင်တွေကို ကာကွယ်ပေးဖို့လိုတယ်။ အဲ့လိုကာကွယ်ပေးခြင်းအားဖြင့် လူသားတွေနဲ့ အခြားဇီဝမျိုးကွဲတွေ ထိတွေ့မှုကို နည်းနိုင်သမျှနည်းစေပြီး ရောဂါကူးစက်မှုတွေကိုလည်း လျော့နည်းစေနိုင်မှာဖြစ်တယ်” လို့ ဒေါက်တာလွင်လွင်ဝေက အကြံပြုထားပါတယ်။
ကိုဗစ်ရောဂါပိုးကို ကာကွယ်ဖို့ mask ဝတ်ဆင်ဖို့လိုသလို ဝတ်ဆင်ပြီးရင်လည်း စနစ်တကျ စွန့်ပစ်ခြင်းအားဖြင့် ကမ္ဘာမြေမှာ အမှိုက်ကင်းစင်ကာ လှပလာမှာဖြစ်သလို လူတွေလည်း ရောဂါကင်းဝေးပြီး အခြားသက်ရှိတွေနဲ့ သဟဇာတဖြစ်ဖြစ် နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ကျမ္မာရေး