ကိုဗစ်ကာလ ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီး တိုင်ကြားစာ ၂ သိန်းကျော်ရှိ

ဒီဇင်ဘာ ၂၆-၂၀၂၀
သိင်္ဂီထွန်း (VOM)

ကိုဗစ်ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ထောက်ပံ့ငွေ ပေးအပ်တာနဲ့ပတ်သက်ပြီး တိုင်ကြားမှုအနေနဲ့ နိုဝင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၁၇ ရက်အထိကို တိုင်ကြားစာ ၂ သိန်းကျော်ရှိခဲ့တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကနေ သိရပါတယ်။

အလုပ်အကိုင် အဆင်မပြေမှုနဲ့ ထောက်ပံ့မှုစာရင်းမှာ မပါဝင်ခြင်းကြောင့် ထောက်ပံ့ကြေးရယူလိုတဲ့အတွက် တိုင်ကြားတဲ့ကိစ္စဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ထောက်ပံ့ကြေး အပြည့်အဝမရရှိလို့ တိုင်ကြားခြင်း ၊ထောက်ပံ့မှုတွေ ပွင့်လင်းမြင်သာမှုမရှိလို့ တိုင်ကြားခြင်း၊ အရင်ကထောက်ပံ့မှုမှာပါဝင်ပြီး အခုထောက်ပံ့မှုမှာ ပါဝင်မှုမရှိလို့ တိုင်ကြားခြင်းအပါအဝင် တင်ပြတဲ့ အိမ်ထောင်စုအတိုင်း မဟုတ်ဘဲ ချန်လှပ်ထားမှုကြောင့် တိုင်ကြားတာတွေဖြစ်တယ်လို့ သိရပါတယ်။

“သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေ၊ရပ်မိ/ ရပ်ဖတွေနဲ့ ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေပါဝင်တဲ့ စိစစ်ရေးအဖွဲ့တွေက တိုင်ကြားစာတွေကို စိစစ်တဲ့အခါမှာ မှန်ကန်တဲ့တိုင်ကြားစာပေါင်း က (၁၇၆၅၁၀) စောင်ရှိပြီး မှန်ကန်မှုမရှိတဲ့ တိုင်ကြားစာပေါင်း ( ၅၄၁၉ ) စောင် (၂.၉၈ ရာခိုင်နှုန်း) ရှိတာကိုတွေ့ရတယ်”လို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောပါတယ် ။

လက်ရှိမှာတော့ အဲ့ဒီ တိုင်ကြားစာ ၂၁၀၇၄၈ ထဲကမှ တိုင်ကြားစာ ၁၈၀၀၀၀ ကျော်ကိုတော့ (၈၆.၃၃ ရာခိုင်နှုန်း) စိစစ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ထပ်မံစိစစ်ဖို့ တိုင်ကြားစာ ၂၈၀၀၀ ကျော်ပဲကျန်တော့တယ်လို့သိရပါတယ်။

အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ပထမအကြိမ်ကနေ စတုတ္တအကြိမ်အထိ ထောက်ပံ့ပေးခဲ့တဲ့ ငွေကြေး၊ ပစ္စည်း ( ၅ ) မျိုး ထောက်ပံ့မှုနဲ့ပတ်သက်ပြီး ရပ်ကွက်/ ကျေးရွာ အုပ်စုအလိုက် ထောက်ပံ့ပေးခဲ့တဲ့ အိမ်ထောင်စုရဲ့ အိမ်ထောင်ဦးစီး အမည်စာရင်း၊ ထောက်ပံ့ပေးအပ်တဲ့ နှုန်းထားတွေကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ထားပေးဖို့လည်း ညွှန်ကြားထားပြီးဖြစ်တယ်လို့သိရပါတယ်။

” နိုင်ငံတော်ထောက်ပံ့ငွေကို မရရင် ဒုက္ခရောက်ပါမယ်ဆိုတဲ့သူတွေ၊ ပုံမှန်ဝင်ငွေမရှိသူ၊အမှန်တကယ် ဆင်းရဲတဲ့သူတွေကိုပေးတာပါ။ လူတိုင်းကိုမပေးဘူး။ အိမ်ပိုင် ကားပိုင်တွေရှိမယ်။ စားနိုင်သောက်နိုင်တဲ့သူတွေသာ ကျန်ခဲ့ပါမယ်။ အဲ့ဒီလိုလူတွေကသာ ကျနော်တို့မရပါဘူး ဆိုပြီး တောင်းဆိုမယ်ဆိုရင်တော့ ဒါကြီးက နိုင်ငံတော်အနေနဲ့ အများကြီးထောက်ပံ့ထားတာ။ အကုန်းလုံးအဆင်ပြေအောင်ထောက်ပံ့ဖို့ကတော့ မလွယ်ပါဘူး” လို့ လှိုင်သာယာ အနောက်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကိုနေမင်းထွန်းကပြောပါတယ်။

COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို ထောက်ပံ့ခဲ့တာဟာ အခု စတုတ္ထအကြိမ်အထိဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေမှ စုစုပေါင်း ကျပ် ၅၆၈.၆၄ ဘီလီယံ အထိ ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceomyanmar #VOM #ရန်ကုန် #ကိုဗစ်ထောက်ပံ့ကြေး #တိုင်ကြားစာ #၂သိန်းကျော်ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW