ဗြိတိန်က ကူးစက်မြန်ဗိုင်းရပ်စ် စင်ကာပူ၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ ကူးစက်ပျံ့နှံ့နေ

စင်ကာပူ၊ ဒီဇင်ဘာ-၂၆-၂၀၂၀
မျိုးဆက် (VOM)

ဗြိတိန်မှာဖြစ်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ စင်ကာပူ၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့မှာပါ ကူးစက်မှုတွေဖြစ်ပေါ်နေပါတယ်။

ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ပထမဆုံးကူးစက်ခံရသူ တစ်ဦးကို စင်ကာပူနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကူးစက်ခံရသူဟာ ၁၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဗြိတိန်နိုင်ငံမှာသြဂုတ်လကတည်းက ပညာသင်ကြားနေကာ ဒီဇင်ဘာ ၆ ရက်မှာ စင်ကာပူနိုင်ငံကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာလည်း ဗြိတိန်က ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူကို ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။

ဗြိတိန်မှဝင်ရောက်လာသူတွေကို ဒီဇင်ဘာ ၂၅ ရက်စပြီး နယ်စပ်ထိန်းချုပ်မှုတွေ မတိုးမြှင့်မီ ဒီဇင်ဘာ ၁၈ ရက်မှ ၂၁ ရက်အတွင်းဝင်ရောက်လာသူ ၅ ဦးထဲက အသက် ၆၀ ကျော်အမျိုးသားတစ်ဦးမှာ ဗိုင်းရပ်စ်သစ်ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီး နိုရီဟီဆာတာမူရာက ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း ကူးစက်မြန်ဗိုင်းရပ်စ်မျိုးစိတ်သစ်ကူးစက်ခံရသူ တစ်ဦးကို တွေ့ရှိခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီလူကတော့ ဒီဇင်ဘာ ၁၉ ရက်မှာ လန်ဒန်ကနေပြန်လာခဲ့တဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးဖြစ်တယ်လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

လန်ဒန်နဲ့ ဝန်းကျင်ဒေသတွေမှာ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်သစ် ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့နိုင်ငံ အတော်များများက ဗြိတိန်နဲ့ ခရီးသွားလာမှုတွေကို ထိန်းချုပ်ထားကြပါတယ်။

Ref: BBC/ CNA
Photo: Reuters
#voiceofmyanmar #VOM #စင်ကာပူ #ကူးစက်မြန်ဗိုင်းရပ်စ်

Related posts

Leave a Comment

VOM News

FREE
VIEW