ရန်ကုန်ကနေ ရှမ်းပြည်နယ်ကို လေကြောင်းနဲ့လာရောက်သူ ၂ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိ

ဒီဇင်ဘာ ၂၇-၂၀၂၀
သိင်္ဂီထွန်း(VOM)

ရန်ကုန်ကနေ ရှမ်းပြည်နယ်ကို လေယာဉ်နဲ့ လိုက်ပါလာခဲ့တဲ့ ခရီးသည် ၂ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိထားတယ်လို့ ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးနဲ့ ကျိုင်းတုံမြို့ကို လေယာဉ်နဲ့လာရောက်သူတွေထဲက ၂ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရကြောင်းကို ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက် ဆေးစစ်ချက်ရလဒ်တွေအရ သိရှိရတာဖြစ်တယ်လို့ သိရပါတယ်။

“မှန်ပါတယ် ၊ကျနော်တို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေလုပ်နေပါတယ်။ ကျိုင်းတုံက ၁၉ ရက်နေ့စာရင်းထဲမှာပေါ့။ ကျနော့်အမြင်ကတော့ ဘယ်အရာမှ ၁၀၀ ရာခိုင်နှုန်း အာမခံချက်ဆိုတာမရှိပါဘူး။ ရွှေမှာတောင် တစ်ရာ ရာခိုင်နူန်း အခေါက်ရွှေဆိုတာမရှိပါဘူး။ ဓာတ်ခွဲစမ်းသပ်မှုတွေမှာလည်း တစ်ရာ ရာခိုင်နူန်းအပြည့်တွေ့ချင်မှတွေ့ပါလိမ့်မယ်။ ဒါကြောင့် ရောဂါကူးစက်မှုကိုကာကွယ်ဖိူ့အတွက် ကျနော်တို့ထောင့်စုံဘက်စုံကနေဆောင်ရွက်တာပါ”လို့ ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ကပြောပါတယ်။

ကိုဗစ် ပိုးတွေ့ရှိသူတွေဟာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသမီးဟာ ဒီဇင်ဘာ ၁၉ ရက်နေ့က ရန်ကုန်ကနေ ကျိုင်းတုံ လေယာဉ်ကို စီးနင်းလာတာဖြစ်ပါတယ်။ နောက်တစ်ဦးဖြစ်တဲ့အမျိုးသားကတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ ရန်ကုန်ကနေ တောင်ကြီးကို လေယာဉ်နဲ့ လိုက်ပါလာခဲ့သူ ဖြစ်ပါတယ်။

ကျိုင်းတုံက ပိုးတွေ့လူနာ လိုက်ပါလာတဲ့ လေယာဉ်မှာ ခရီးသည် ၅၀ ကျော်ပါခဲ့ပြီး တောင်ကြီး ပိုးတွေ့လူနာစီးနင်းခဲ့တဲ့ လေယာဉ်မှာတော့ ခရီးသည် ၃၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်ကို လေကြောင်းကနေလာရောက်သူတွေကို ကွာရန်တင်းထည့်ကာ အသွားအလာကန့်သတ်မှုကို လုပ်ဆောင်နေကြောင်း ဆေးစစ်စရိတ်ကိုတော့ ခရီးသည်ဘက်က ကျခံရတာဖြစ်ပါတယ်။

RDT နဲ့စစ်တဲ့သူတွေကို ၇ ရက်ပြည့်ချိန်မှာ ဆေးစစ်ပြီး PCR နဲ့စစ်မယ့်သူကိုတော့ ၃ ရက်မြောက်နေ့မှာ စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။

Photo – ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန
#voiceofmyanmar #VOM #ရန်ကုန် #ရှမ်းပြည် #လေကြောင်းလိုက်ပါလာသူ #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW