လုံခြုံရေးယာဉ်တန်းတွေကို မိုင်းထောင်တိုက်ခိုက်ဖို့ AAကို သတင်းပေးခဲ့သူ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၂၆ -၂၀၂၀
ကိုတိုးကြီး(VOM)

ရခိုင်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ တပ်မတော်စစ်ကြောင်းတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မြေပြင်အခြေအနေတွေကို အွန်လိုင်းကနေတဆင့် AAကိုဆက်သွယ်ပြီး သတင်းပေးခဲ့တဲ့ လူငယ်တစ်ယောက်ကို ကျောက်ဖြူတရားရုံးက ထောင်ဒဏ် ၅ နှစ်ကျခံစေဖို့ အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” စစ်တောကျေးရွာက မောင်တင်ချမ်း အသက် (၁၉) နှစ်ဆိုသူဖြစ်တယ် ၊ သူက ရခိုင်သားချေ လူမှုကွန်ယက် Face Bookစာမျက်နှာကို အသုံးပြုပြီး တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားတာတွေ AA သိအောင် ဖော်ပြခဲ့တယ်လို့ စွပ်စွဲပြီး မနှစ် ၂၀၁၉ ဇူလိုင် ၂၉ ရက်မှာ သူ့ကို ဖမ်းဆီးတယ်၊ သြဂုတ် ၂၂ ရက်မှာ တရားရုံးတင်ပို့တယ် ၊ တရားရုံးမှာ ၁ နှစ်နဲ့ ၅ လ ကြားနာစစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်က ထောင်ဒဏ် ၅ နှစ်ကျခံစေဖို့ အပြီးသတ်စီရင်ချက် အမိန့် ချခဲ့တာဖြစ်တယ်”လို့ ပြစ်ဒဏ်ချမှတ်ခံရသူရဲ့ ဥပဒေအကျိုးဆောင် ဦးဦးညွှန့်မောင်က ပြောပါတယ်။

ပြစ်ဒဏ် ၅ နှစ် ချမှတ်ခံရတဲ့ မောင်တင်ချမ်းဆိုသူဟာ ကျောက်ဖြူ၊ ဓညဝတီ ရေတပ်ဌာနချုပ်က စစ်ရေယာဉ်တွေနဲ့ တပ်မတော်ယာဉ်တန်းတွေ၊ ရဲတပ်ဖွဲ့ယာဉ်တန်းတွေကို AAအဖွဲ့က မိုင်းထောင် ဝင်ရောက်တိုက်ခိုက်ဖို့ သူ့ရဲ့ လူမှုကွန်ယက်ကိုအသုံးပြုပြီး တိုက်တွန်းတာ သတင်းပေးတာတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလိုပြုလုပ်တာကြောင့် စစ်သည်တချို့နဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရ ကျဆုံးခဲ့တာတွေ ရှိခဲ့တာကြောင့် ကျောက်ဖြူ၊ ဓညဝတီ ရေတပ်ဌာနချုပ်က ဗိုလ်ကြီးအဆင့်ရှိသူက တရားလိုပြုလုပ်ပြီး ကျောက်ဖြူမြို့မရဲစခန်းမှာ တိုင်တန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တိုင်တန်းချက်ကို ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (ခ) အရ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း တရားရုံးကနေ ၁ နှစ်နဲ့ ၅ လ ကြားနာစစ်ဆေးပြီး စစ်ဆေးပေါ်ပေါက်ချက်တွေအရ အခုလို ထောင်ဒဏ် ၅ နှစ်ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #အေအေကိုသတင်းပေးသူ #ထောင်၅နှစ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW