ကျိုက်ထီးရိုးစေတီကို အမှီပြု လုပ်ကိုင်နေသူအချို့ စားဝတ်နေရေး ကြပ်တည်းလာ

ဒီဇင်ဘာ၂၇-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အထင်ကရစေတီတစ်ဆူဖြစ်တဲ့ ကျိုက်ထီးရိုးစေတီကိုအမှီပြုပြီး အခြေချနေထိုင်‌ကာ လုပ်ကိုင်စားသောက်နေတဲ့ မိသားစုတွေအနေနဲ့ စေတီတော်ဖူးမျှော်ခွင့် ပိတ်ရက်ရှည်လာတာနဲ့အမျှ စားဝတ်နေရေး အခက်ခဲတွေကြုံတွေ့လာတယ်လို့ သိရပါတယ်။

” ပိတ်ထားရတာလည်း ကိုးလကျော်လာပြီ။ အရင်က ပြင်ပအလှူရှင်အချို့ ဆန်၊ ဆီ စားသောက်စရာလှူတာ ရှိပေမယ့် အခု မလာတာကြာပြီ။ထွက်ပြီးအလုပ်လုပ်မယ်ဆိုတော့ အလုပ်ပေးနိုင်သူက အနီးမှာမရှိဘူး”လို့ ကျိုက်ထီး‌ရိုးတောင်ပေါ်နေသူ ဦးကျော်မင်းဦးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်အတွင်းက ဟိုတယ်၊မိုတယ်၊အင်းနဲ့တည်းခိုခန်းတွေ ပြန်လည်ဖွင့်ခွင့်ပြုမယ်ဆိုပြီး ကျိုက်ထိုမြို့ဟိုတယ်နဲ့ခရီးသွားလာမှုညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီညွန်ကြားစာဟာ ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုချက်မရှိသေးတဲ့အတွက် အထက်ပါစာကိုပြန်လည်လွှမ်းမိုးပယ်ဖျက်ပါကြောင်း မွန်ပြည်နယ်၊ ဟိုတယ်နဲ့ခရီးသွားလာမှု ညွန်ကြားမှုဦးစီးဌာနရုံးက ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

” အခုတလော ကျိုက်ထီးရိုးပြန်ဖွင့်မယ်ဆိုပြီး ဖွနေကြတာလည်း ခဏခဏပဲ။ ပြန်ဖွင့်မယ်ဆိုလည်းကြေညာပါမယ်။ လက်တလော လုပ်ပေးနိုင်တဲ့ ဆိုင်ခန်းအခွန်ခတွေ ကိုဗစ်ကာလ လုံးဝမကောက်ထားဘူး”လို့ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ဝင် ဦးစိုးလှိုင်ကပြောပါတယ်။

ကျိုက်ထီးရိုးစေတီတော်ကို အခုနှစ်မတ်လ၂၁ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ရောဂါကြောင့် ယာယီရပ်ဆိုင်းခဲ့တယ့်အပြင် တောင်ပေါ်ရှိ လုပ်ငန်း လုပ်ကိုင်နေသူတွေကို မတ်လ၂၇ ရက် နောက်ဆုံးထားထွက်ခွာဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုညွန်ကြားတာကြောင့် စားသောက်ဆိုင်၊အမှတ်တရအရောင်းဆိုင်၊ ဟိုတယ်၊ မိုတယ်လုပ်ငန်းတွေ ရပ်နားခဲ့ကြရတဲ့အတွက် ကျိုက်ထီးရိုးတောင်ပေါ်နဲ့ တောင်တက်လမ်းနှစ်ခုအနီး နေထိုင်သူမိသားစုဝင် ၃၀၀၀ နီးပါး စားဝတ်နေရေးအခက်ခဲကြုံလာရခြင်းဖြစ်တယ်လို့ လက်ရှိနေထိုင်သူတွေကပြောပါတယ်။

ကျိုက်ထီးရိုးစေတီတော်ဟာ ပွဲတော်ချိန်မဟုတ်ပါက ပျှမ်းမျှအားဖြင့် နေ့စဉ် ပြည်ပခရီးသွား၂၀၀ကျော် နဲ့ ပြည်တွင်းခရီးသွား ၅၀၀၀ နီးပါးခန့် လာရောက်လေ့ရှိပြီး ပွဲတော်ကာလတွေနဲ့ အခါကြီး၊ ရက်ကြီးတွေမှာတော့ ဘုရားဖူးဧည့်သည် သိန်းချီလာရောက်လေ့ရှိတယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်ထီးရိုး #မှီခိုနေထိုင်သူ #စားဝတ်နေရေးခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW