ဖွင့်ခွင့်မပေးဘဲဖွင့်တဲ့ ကေတီဗီတွေ ဖမ်းခံရပေမယ့် ပုဒ်မတွေကွဲပြား

ဒီဇင်ဘာ ၂၇
သိင်္ဂီထွန်း (VOM)

ကားဝယ်ရောင်းလောကမှာ နာမည်ကြီးတဲ့ အရည်ကြို ခေါ် ဦးအောင်ဇော်ဦးအပါအဝင် လူ ၉ ဦးဟာ ရန်ကုန်မြို့၊ ဆရာစံလမ်းက The World Wide KTV မှာ မနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ညပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလဖြစ်တာကြောင့် KTV တွေကို ပိတ်ထားဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားမှုအပေါ်မလိုက်နာဘဲ KTV ကိုဖွင့်လှစ်ခဲ့တာကြောင့် ဆိုင်မန်နေဂျာကို သဘာဘေးအန္တရာယ် ဆိုင်ရာဥပဒေပုဒ်မ- ၂၅၊ အဲ့ဒီဆိုင်ကို လာရောက်သီချင်းဆိုပြီး ပျော်ပါးကြတဲ့ အရည်ကြိုအပါအဝင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦးကိုတော့ သဘာဘေးအန္တရာယ် ဆိုင်ရာဥပဒေပုဒ်မ- ၃၀(က) နဲ့ အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။

“အာမခံရနိုင်တဲ့ပုဒ်မဆိုရင်တော့ အာမခံရမယ်။ အာမခံမရနိုင်တဲ့ပုဒ်မဆိုရင်တော့ အာမခံမရဘူး။ သဘာဝဘေးအန္တာရယ်နဲ့ပတ်သက်ပြီး ပုဒ်မ ၃၀(ဃ)ဆိုရင်တော့ အာမခံရနိုင်တယ်၊ ပုဒ်မ-၂၅ ဆိုရင်တော့အာမခံမရနိုင်ဘူး။ ကွန်ဖမ်းဖြစ်ပါတယ်။ ကျနော်လှမ်းစုံစမ်းကြည့်တော့ ကိုအရည်ကြို ခေါ် အောင်ဇော်ဦး အသက် ၄၀ နှစ်ကားဝယ်ရောင်းလောကမှာ နာမည်ကြီးတယ်ပေါ့။ အမျိုးသမီး ၄ယောက်၊ အမျိုးသား ၄ ယောက် ကိုဗစ်ကာလမှာ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေတဲ့ကာလ ဒီဆိုင်တွေကိုမဖွင့်ပါနဲ့ ပိတ်ထားတယ်ဆိုတာ လာရောက်သီချင်းဆိုတယ်။ ဆိုင်ခန်းတွေကိုဖွင့်ရှာတဲ့အခါ ဆိုတဲ့အခန်းမှာတော့မတွေ့ဘူး၊ အလုပ်သမားတွေနေတဲ့အခန်းမှာ ပုန်းခိုနေတာကိုတွေ့ရတယ်၊ ဧည့်သည်တွေ customer တွေဆိုတာကိုသိတယ်။ ခရိုင်ရဲမှူး၊ ခရိုင်အုပ်ချုပ်ရေးမှုး မြို့နယ်ရဲမှူးရော”လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကပြောပါတယ်။

လက်ရှိမှာတော့ ညက ဖမ်းဆီးခံလိုက်ရတဲ့ အရည်ကြိုအပါအဝင် ဧည့်သည် ၈ ဦးလုံးဟာ အာမခံနဲ့ ပြန်လည်လွတ်မြောက်ထားပြီး ကိုအရည်ကြိုကလည်း သူရဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေကြာင်း လူမှုကွန်ယက်ကနေ ဖော်ပြထားပါတယ်။

ဒါကြောင့် အရည်ကြို ဖုန်းကိုဆက်သွယ်မေးမြန်းခဲ့ရာ ” ဖမ်းဆီးခံရတာမဟုတ်ပါဘူး၊ လျှောက်ရေးတာပါ။ ဖမ်းခံရတဲ့အထဲ ပုံတွေပါတာတော့ ကျွန်မလည်းမသိဘူး”လို့ ဖုန်းလက်ခံဖြေကြားတဲ့ အမျိုးသမီးကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

မနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်က KTVဆိုင်တစ်ဆိုင်ကို ဖမ်းဆီးခဲ့ရာမှာတော့ ဆိုင်တာဝန်ရှိသူတွေ ဆိုင်ဝန်ထမ်းအမျိုးသမီးတွေနဲ့ လာရောက်တဲ့ဧည့်သည်တွေအားလုံးကို သဘာဘေးအန္တရာယ် ဆိုင်ရာဥပဒေပုဒ်မ- ၂၅ တစ်ခုတည်းနဲ့သာ တရားစွဲဆိုဖို့ပြုလုပ်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်သူ့ကိုမှ အာမခံမပေး ထောင်ချခဲ့တဲ့ သဘာဝဘေးအန္တရာယ်ပုဒ်မကို ခုနောက်ပိုင်းမှာ အာမခံပေးသူပေး မပေးသူမပေးမို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Photo – World Wide KTV
#voiceofmyanmar #VOM #ရန်ကုန် #ကေတီဗီ #ဖမ်းဆီးမှု #ပုဒ်မတွေကွဲပြား

Related posts

Leave a Comment

VOM News

FREE
VIEW