ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်ထဲက ကျွန်းပေါ်သို့ ဒုတိယအသုတ်ပို့ဦးမယ်

ဒါကာ၊ ဒီဇင်ဘာ ၂၇-၂၀၂၀
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင်သီတဲ့ ဘာဆန်ရှာကျွန်းပေါ်ကို ယခုလအတွင်းမှာ ဒုတိယအသုတ်အဖြစ် ပို့ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ရိုဟင်ဂျာတွေကို ဒီလိုရွှေ့ပြောင်းတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်မှုတွေရှိနေပါတယ်။ ယခုလအတွင်းကလည်း အဲ့ဒီကျွန်းပေါ်ကို ဒုက္ခသည် ၁၆၀၀ ကျော် ပို့ဆောင်ထားပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒုတိယအသုတ်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ ကျော်ကို ပို့ဆောင်သွားမယ်လို့ တာဝန်ရှိသူနှစ်ဦးကပြောပါတယ်။ ဒုက္ခသည်တွေကို စစ်တကောင်းဆိပ်ကမ်းသို့ အရင်ပို့ပြီး အဲ့ဒီနောက် ဘာဆန်ချာကျွန်းကို ပို့သွားမယ်လို့ သူတို့က ပြောပါတယ်။

ဒီလိုပြောင်းရွှေ့တာဟာ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒဖြစ်ပြီး သွားဖို့ဆန္ဒမရှိသူတွေရဲ့သဘောကို ဆန့်ကျင်ပြီး ပြောင်းရွှေ့တာတွေမလုပ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတစ်ဦးဖြစ်သူ Mohammed Shamsud Douza ကပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ရေကြီးရေလျှံလေ့ရှိတဲ့ ဘာဆန်ချာကျွန်းပေါ်မှာ နည်းပညာနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာတွေ အကဲဖြတ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်က ခွင့်မပြုခဲ့ကြောင်းနဲ့ ဒုက္ခသည်တွေ ရွှေ့ပြောင်းတဲ့ကိစ္စမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိဘူးလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကတော့ ဒီလိုရွှေ့ပြောင်းပေးတာဟာ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒအလျောက်ဖြစ်ပြီး ဒုက္ခသည် တစ်သန်းကျော်လက်ခံထားရတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေထူထပ်တဲ့ပြသနာကို ဖြေရှင်းနိုင်မယ်လို့ ပြောဆိုထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဒါကာ

Related posts

VOM News

FREE
VIEW