အာကာသယာဉ်ကလို့ ယူဆရတဲ့ အစိတ်အပိုင်းအချို့ ရခိုင်ပင်လယ်ပြင်ပေါ် ကျရောက်ကာ ကုန်းမြေတုန်ခါမှုဖြစ်ခဲ့

ဒီဇင်ဘာ ၂၈-၂၀၂၀
ထက်အောင်စိုင်း (VOM)

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လွှတ်တင်ထားတဲ့ အာကာသယာဉ်ကလို့ယူဆရတဲ့ အစိတ်အပိုင်းတစ်ခုဟာ ရခိုင်ပင်လယ်ပြင်ကို ကျရောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ အုပ်ချုပ်ရေးပိုင်း ဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်လောက်က အဲဒီ အသံကို ကြားရတာဖြစ်ကြောင်းနဲ့ မာန်အောင်ကျွန်းနဲ့ သံတွဲမြို့နယ်ကြား ဘင်္ဂလားပင်လယ်ကို ကျရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မာန်အောင်မြို့နယ် ဒေသခံ ကိုအောင်လင်းထွန်း ပြောတာက” မနေ့ ညပိုင်းက တရုတ်နိုင်ငံက အာကယာဉ်ရဲ့ စွန့်ပစ်ပစ္စည်းလို့ ယူဆရတဲ့ ဟာပေါ့ ၊ မာန်အောင်ကျွန်းပေါက် ဖြတ်သန်းပြီးတော့ ခဏအကြာမှာ ပင်လယ်ပြင်ကို ကျသွားတာတွေရပါတယ်။ သံတွဲမြို့နယ်ဖက်မှာလည်း မြေတုန်ခါမှုရှိခဲ့တယ်လို့ကြားတယ်။ မာန်အောင်ဖက်မှာလည်း မြေတုန်ခါမှုတွေ ရှိခဲ့တယ်။ ကျနော်တို့လည်း ထွက်ကြည့်လိုက်ပြီး ဓာတ်ပုံမှတ်တမ်းရိုက်ထားတာရှိပါတယ်။ မာန်အောင်ကျွန်းနဲ့ ခန့်မှန်း ၁၆ မိုင်လောက်အကွာမှာ ကျသွားတယ်လို့ ပြောကြတယ်” လို့ ပြောပါတယ်။

အစိတ်အပိုင်းတွေကျရောက်တာကို ဂွမြို့နယ်ကလည်းကြားရပြီး ပင်လယ်ပြင်အနီးက ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တွေကပါ ကြားရတယ်လို့ သိရပါတယ်။

သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းကျော်က ” ညတုန်းက ဖြစ်တာတော့ သံတွဲမြို့နယ်နဲ့ နယ်နိမိတ်တော့မဟုတ်ဘူး။ ပင်လယ်ထဲမှာ ကျတယ်လို့ပဲ ကြားလိုက်ပါတယ်။ သတင်းကတော့ ကျနော်လည်း အတည်ပြုလို့ မရသေးပါဘူး။ ည ၁၀ နာရီ ခွဲလောက်မှာဖြစ်တာ။ အသံတော့နည်းနည်းကြားလိုက်တယ်။ အသံကြောင့် အိမ်တွေဘာတွေ နည်းနည်းတုန်လှုပ်သွားတာတွေလည်း ရှိမှာပေါ့”လို့ ပြောပါတယ်။

အဲ့ဒီလိုမျိုး တရုတ်နိုင်ငံရဲ့ အာကသလွန်ပျံယာဉ်အစိတ်အပိုင်းတွေဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညအချိန်မှာ သံတွဲလေဆိပ်ရဲ့ ပင်လယ်ပြင်အနောက်ဖက် မိုင် (၃၀) ခန့်အကွာပင်လယ်ပြင်ကို ကျရောက်လာနိုင်ခြေရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သံတွဲလေဆိပ်က ဒီဇင်ဘာ (၂၅) ရက်နေ့မှာ သတိပေး ကြေညာချက်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo – အောင်လင်းထွန်း၊ ဇွဲရန်နိုင်
#voiceofmyanmar #VOM #ရခိုင်ပင်လယ်ပြင် #အာကသလွန်ပျံယာဉ်အစိတ်အပိုင်း #ပြုတ်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW