ဖမ်းဝရမ်းထုတ်ခံရတဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ ဘာလို့ ခုမှ ထွက်အဖမ်းခံကြသလဲ

မန္တလေး-ဒီဇင်ဘာ-၂၈-၂၀၂၀

နေလင်း(VOM)

 

အမျိုးသားရေးလှုပ်ရှားမှုအဖြစ်လုပ်ဆောင်တဲ့ ၂၀၁၉ တုန်းက မြို့တော်ခန်းမရှေ့မှာလုပ်တဲ့ ဟောပြောပွဲနဲ့ပတ်သက်ပြီး  အစိုးရအဖွဲ့ကိုမုန်းအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ ပုဒ်မ ၁၂၄(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘူးလက်လှဆွေလို့ လူသိများတဲ့ အမျိုးသားလွှတ်တော်အမတ်ဟောင်း၊ တပ်မတော်အရာရှိဟောင်း ဦးလှဆွေဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။

 

ဒီလိုအလားတူပဲ အမျိုးသားရေးဆရာတော်လို့အများသိကြတဲ့ ဦးဝီရသူဟာလည်း ဘူးလက်လှဆွေလို အလားတူပုဒ်မတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရရာက နိုဝင်ဘာ ၂ရက်နေ့က သွားရောက်အဖမ်းခံခဲ့ပါတယ်။ တခြားအမျိုးသားရေးလှုပ်ရှားသူတွေဖြစ်တဲ့  ဟိဏ်းဝေယံက အောက်တိုဘာ ၃၁ မှာ အဖမ်းခံခဲ့သလို မြတ်ဘုန်းမိုရ်နဲ့  တင်လင်းထိုက်ဟာလည်း ဒီဇင်ဘာ ၁၁ရက်နေ့က သွားရောက်အဖမ်းခံခဲ့ပါတယ်။ သူတို့ကတော့ နိုင်ငံတော် အစိုးရ၊  ငြိမ်ဝပ်ရေးကိုထိခိုက်တဲ့ ပြစ်မှုကို ကျူးလွန်ချင်လာအောင် ကြောက်ခြင်း ၊ ထိတ်လန့်ခြင်း တခုခုအကြံနဲ့ပြုမူမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။

အမျိုးသားရေးဆရာတော် ဦးဝီရသူ ကတော့ ရန်ကုန်၊ မြိတ် တွေက ဟောပြောပွဲတွေတဲ့ ပတ်သက်ပြီး ၁၂၄(က)နဲ့ အမှုဖွင့်ခံရပြီး  ၂၀၁၉ ဂျွန်လက ဖမ်းဝရမ်းထုတ်ခံရပြီး ၂နှစ်နီးပါး တိမ်းရှောင်နေရာကနေ ရွေးကောက်ပွဲ တပတ်အလိုမှ ဖမ်းခံခဲ့တာပါ။ ဘာ့ကြောင့်သူခုလိုလုပ်သလဲဆိုတာနဲ့ ပတ်သက်လို့ အမျိုးသားရေးဆရာတော်တပါးဖြစ်တဲ့ တောင်ဒဂုံက မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို လျောက်ထားကြည့်တော့

 

“ ဖမ်းခံတာဆိုတာ မှန်ကန်တယ်ဆိုတဲ့လုပ်ရပ်လို့ မြင်တယ် တရားဥပဒေတိုင်း အမှန်သွားရင် မကြာခင် နောက်အစိုးရလက်ထက်မှာ ဝရမ်းမရှိဖြစ်နိုင်သလို လွတ်ငြိမ်းချမ်းသာရနိုင်တယ်၊ ရွေးကောက်ပွဲရလာဒ်ဟာ တရားမမျှတတာကို ထင်ထင်ရှားရှားမြင်နေကြရတာဘဲ၊ ဒီတော့ နိုင်ငံတကာဖိအားတွေရှိလာနိုင်သလို အစိုးရက တဖက်သတ်ကြီးသွားနေတာ မျှတတဲ့လုပ်ရပ်မဟုတ်ဘူးလို့သုံးသပ်ပြီး အပေးအယူကိစ္စတွေ ပါလာရင်  တပ်ထားတဲ့ပုဒ်မတွေနဲ့ ပြန်လွှတ်နိုင်တယ်လို့ ဘုန်းကြီးမြင်တယ်”

 

ဆရာတော် ဦးပါမောက္ခနဲ့ အမြင်မတူတဲ့ ဆရာတော်ကတော့ မန္တလေးက မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယဝံသာဘိဝံသပါ။

 

“ ရှေ့နောက်သုံးသပ်ရရင် ဝီရသူထွက်လာရင် အတော်ပွဲဆူမယ်ထင်၊ ရွေးကောက်ပွဲဟာ တစုံတရာမဲတွေကွဲသွားနိုင်တယ်မြင်တာလည်းပါတယ်။ သူတို့တွက်ချက်မှုတွေကလွဲတော့  ခိုင်းတဲ့သခင်က ထွက်ခိုင်းလို့ လုပ်တယ်ထင်တာဘဲ၊ အသုံးချခံရတာပေါ့၊  သူတို့တွက်ချက်နဲ့သူတို့ ပြောင်းလဲရင် စစ်တပ်ကို အားမကိုးလို့မရဘူး လွတ်ငြိမ်းချမ်းသာရမယ်လို့ထင်ပုံရပါတယ်” လို့ မိန့်ပါတယ်။

 

ခုလို အမျိုးသားရေးလှုပ်ရှားသူတွေ ကိုယ်တိုင်လာပြီးအဖမ်းခံတာနဲ့ပတ်သက်လို့ အကောင်းမြင်သူလည်းရှိပါတယ်။ သူကတော့ ၈၈မျိုးဆက်တဦးဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုအဖွဲ့ FDF ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီဝင် ကိုမြအေးပါ။

 

“ ကိုယ့်ကိုတရားစွဲရင် ဖြစ်ပျက်တဲ့အပေါ်မှာ တရားကို ဥပဒေဘောင်အတွင်းက ရင်ဆိုင်ရမယ်ဆိုတာက နိုင်ငံသားတယောက်ရဲ့ လိုက်နာရမယ့်ကျင့်ဝတ်တခုလို့ကျနော်မြင်တယ်လေ၊ ခုဟာကတော့ အချို့ ဝရမ်းထုတ်ခံရသူတွေ တရားရုံးမှာလာပြီး ဥပဒေကြောင်းအရ ရင်ဆိုင်တာကို ဘာရယ်ကြောင့် ဘယ်လိုကြောင့်ဝေဖန်ပြောဆိုနေတာထက် ဥပဒေအရ တရားရုံးကိုလာရင်ဆိုင်တယ်ဆိုတာ ကောင်းမွန်တဲ့ အဖြစ်အပျက်တခုလို့အဲလိုမြင်တယ်၊ ကျန်တဲ့ နိုင်ငံရေးအရတော့ ဘာမှမပီပြင်သေးတဲ့အခါမှာတော့ ကျနော်တို့ဝေဖန်ဖို့သုံးသပ်ဖို့ အခြေအနေက တော်တော်စောမယ်လို့ ထင်ပါတယ်”  လို့ ကိုမြအေးက သုံးသပ်ပါတယ်။

 

အမျိုးသားရေးလှုပ်ရှားသူတွေကို ဥပဒေအကြံပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်ကတော့ ဥပဒေကြောင်းအရနဲ့  အမျိုးသားရေးအမြင်ကို ခုလိုသုံးသပ်ပါတယ်။

“ ၁၂၄(က) ကဟာ  ထောင်ဒဏ်တသက်တကျွန်းပေးနိုင်တယ်၊ ခရိုင်ရုံးမှာစွဲထားတော့ ကြီးလေးတဲ့အပြစ်ဒဏ်ချမှတ်နိုင်ခံရနိုင်တယ်၊ ဒီအမှုတွေ ပြီးပြတ်ဖို့က တရားရုံးမှာရင်ဆိုင်မှ အမှုဆုံးခန်းတိုင်မှာဖြစ်ပါတယ်၊ လတ်တလောတရားစီရင်ရေးက ကန့်သတ်ချက်တွေရှိတယ်။  အချိန်အကန့်အသတ်နဲ့ ပြီးအောင်စစ်မယ် ၊အမှုအပေါ်မူတည်ပြီး ရင်မဆိုင်ရင် မသိရဘူး၊  စစ်ဆေးလို့မပေါ်ရင် လွှတ်ရမယ် ပေါ်လွင်ရင် တရားစီရင်မယ် ရင်ဆိုင်တဲ့အခါမှာ ပြစ်ဒဏ်စောစောချရင် ချုပ်ရက်ကို ပြစ်ဒဏ်ကျရင်သီးခြားလျော့ရက်ရမယ် ၊

နိုင်ငံရေးအကြောင်းက အပြောင်းလဲလုပ်လာတဲ့အခါမှာ ပြည်ထဲရေးရဲ့မူဝါဒအရ လွတ်ငြိမ်းချမ်းသာပေး၊ လျော့ရက်တွေပေးတတ်တယ်၊ ရင်မဆိုင်ရင် ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူး၊

လာမယ့်အစိုးရလက်ထက်မှာ  အမျိုးသားရေးသမားတွေကတော့ သိပ်ပြီးတော့မလွယ်လှဘူး  ထိထိရောက်ရောက်အရေးယူခံရမယ်၊ ဒီတော့အမျိုးသားရေးသမားတွေကလည်း  ဥပဒေဘောင်အတွင်းကလုပ်ရမယ် တရားစီရင်ရေးကလည်း ဥပဒေနဲ့အညီ စီရင်မယ်ဆိုရင် စိုးရိမ်စရာမရှိပါဘူး”  လို့ ဆိုပါတယ်။ မကွေးကျောင်းဆရာတော် ဦးပါမောက္ခကတော့ လာမယ့် ၂၀၂၀-၂၀၂၅ အစိုးရလက်ထက်မှာ အမျိုးသားရေးလှုပ်ရားသူတွေရဲ့ အနာဂါတ်ကို ခုလိုဟောကိန်းထုတ်သွားပါတယ်။

 

“အခက်ခဲက ၂၀၁၅နဲ့ ၂၀၂၀ အတိုင်းပြုပြင်မှုမရှိရင် အမျိုးသားရေးတွေက အခြေအနေမကောင်းဘူး ၊ ကြီးမားသော အန္တရာယ်တွေတွေ့ကြုံရမယ်လို့ခံယူတယ်၊ သူများနိုင်ငံတွေမှာ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သူတို့ဘာသာဝင်တွေဦးဆောင်တာအများစုဖြစ်တယ်၊ ဘုန်းကြီးတို့နိုင်ငံမှာ ဒီမိုကရေစီနုတယ်ဆိုပေမယ့် ခေါင်းဆောင်တွေမှာ ဘာသာခြားတွေဦးဆောင်နေတာမြင်ရမှာပါ။ ခြုံပြောရရင်   အစိုးရဟာ  ခုတိုင်းဆက်သွားရင်တော့ ဘုန်းကြီးတို့ ဘာသာရေးအတွက်ပါ စိုးရိမ်ရမယ့်အနေအထားပါလို့”  မိန့်သွားပါတယ်။

 

မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဦးအရိယဝံသာဘိဝံသ ကတော့

“ ဥပမာပေးရင် အလှမွေးငါးတွေလိုပဲ ကျဉ်းကျဉ်းလေးနေရတော့ ကျဉ်းကျဉ်းဘောင်ထဲမှာ သခင်ကျွေးတာစား အစာအတွက်မပူရ အန္တရာယ်မပူရတော့ မြစ်ပြင်အကျယ်ကြီးကျက်စားတဲ့ငါးနဲ့မတူဘဲ  လောင်ကန်ထဲမှာဘဲအသက်ရှင်နေတတ်သူတွေ အထက်အမိန့်အတိုင်းပဲ လုပ်တတ်သူတွေလို မဖြစ်စေဘဲ မြစ်ငါးတွေလို ကိုယ့်ဟာကိုရှာစား၊ ကိုယ့်ဟာကို ရန်ကိုရှောင်တတ်ပါစေလို့ ဘုန်းကြီးကတော့ ဥပမာပေးချင်တယ်” လို့ မိန့်သွားပါတယ်။

 

#voiceofmyanmar #VOM #မဘသ #အမျိုးသားရေး #ဦးဝီရသူ

ဓါတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

Related posts

Leave a Comment

VOM News

FREE
VIEW