ခင်ဦးမြို့နယ်ရဲစခန်းမှာ မနေ့က တစ်ရက်တည်း သက်ငယ်မုဒိမ်းမှု ၂ မှု လာရောက်အမှုဖွင့်

ဇန်နဝါရီ ၂-၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရဲစခန်းမှာ မနေ့ ဇန်နဝါရီ ၁ ရက်နေ့ တစ်ရက်တည်း သက်ငယ်မုဒိမ်းမှု ၂ မှုကို လာရောက်အမှုဖွင့်ခဲ့တယ်လို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

” သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေး ၂ ယောက်ဟာ ၁ ယောက်က အသက် ၁၀ နှစ်အရွယ် ၅ တန်းကျောင်းသူနဲ့ အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသူ ၁ ယောက်တို့ ဖြစ်တယ်”လို့ ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးက ရဲအရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

ခင်ဦးမြို့နယ်၊ သင်ပေါင်းကျေရွာက အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ည ၇ နာရီကျော်က အဒေါ်ဖြစ်သူရဲ့ နေအိမ်ကို တီဗီသွားရောက်ကြည့်ရာ အဒေါ်ရဲ့ အိမ်ကို အလည်ရောက်ရှိနေတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ယောက်က ဆိုင်ကယ်ပေါ် တင်ဆောင် ခိုးယူပြေးပြီးနောက် ကောလင်းမြို့နယ်ထဲက လယ်တဲတစ်ခုမှာ အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဒါကြောင့် ခင်ဦးမြိုမရဲစခန်းက မနေ့ ဇန်နဝါရီ ၁ ရက်မှာ ရဲစခန်း(ပ) ၄/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၃၆၃ အရ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဒါ့အပြင် ခင်ဦးမြို့နယ်၊ မှန်သာကျေးရွာမှာလည်း မနေ့ ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းက အသက် ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသူ တစ်ဦး နေအိမ်အိပ်ခန်းထဲ အိပ်နေချိန် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက အိပ်ခန်းအတွင်း ဝင်ရောက်ပြီး အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ထပ်မံ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ခင်ဦးမြို့မရဲစခန်းက (ပ) ၅/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆ အရ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ ၂ ဦးစလုံးကို လက်ရှိအချိန်မှာ ဖမ်းဆီးရမိထားပြီး ချုပ်ရမန်ယူကာ စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အခုလို ဖြစ်ပွားတာတွေနဲ့ ပတ်သက်ပြီး သက်ငယ်မုဒိမ်းမှုတွေမှာ လိုက်ပါကူညီပေးနေတဲ့ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသော်တာဦးက “နည်းပညာထွန်းကားလာတာနဲ့အမျှ အင်တာနက် ကွန်ယက်တွေမှာ လိင်မှုဆိုင်ရာ ညစ်ညမ်းဇာတ်လမ်းတွေနဲ့ ဖျော်ဖြေမှုတွေကို တားမြစ်ကန့်သတ်ဖို့ လိုတယ်၊ အဲ့ဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ကလေးသူငယ်တွေကို ပစ်မှတ်ထားခံရတာက အဆိုးဆုံးအခြေအနေ တစ်ရပ်ဖြစ်တယ်”လို့ ဝေဖန်မှတ်ချက်ပြု ပြောပါတယ်။

#voiceofmyanmar #VOM #ခင်ဦး #သက်ငယ်မုဒိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW