တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် ဘာတွေထူးလာမလဲ

မျိုးဆက် (VOM)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၁ ရက်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာအရေး အပြောင်းအလဲတွေကိုကြည့်ပြီး မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုကို နောက်ထပ်မြှင့်တင်ဖို့ သူ့ရဲ့ ခရီးစဉ်မှာ ရည်ရွယ်ထားပုံရပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဟာ ဂျပန်နဲ့ အိန္ဒိယတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနဲ့တွေအပေါ် တရုတ်အစိုးရက စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေပြီး ဒါဟာသူ့အကျိုးစီးပွား ယုတ်လျော့စေတယ်လို့ ယူဆထားဖွယ်ရှိပါတယ်။ ဝမ်ယီရဲ့ခရီးစဉ်မှာတော့ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အပေါ် တရုတ်နိုင်ငံရဲ့ထောက်ခံမှုကို ပိုမိုခိုင်မာစေဖို့နဲ့ ကိုဗစ်-၁၉ နဲ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ထောက်ပံ့မှုတွေ တိုးမြင့်ဖို့တွေ ပါဝင်လာနိုင်ပါတယ်။

ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ် အဓိကရည်ရွယ်ချက်ကတော့ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက အစဉ်တစ်စိုက်ထောက်ခံနေတယ်ဆိုတာနဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီက တောင်ပြိုကမ်းပြိုအနိုင်ရရှိတာကို ဂုဏ်ပြုဖို့ဖြစ်ပြီး သူဟာ နိုဝင်ဘာရွေး ကောက်ပွဲပြီးနောက် နေပြည်တော်ကို ပထမဆုံးလာရောက်တဲ့ နိုင်ငံတကာ ထိပ်တန်းသံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။

ဝမ်ယီအနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို သူ့ရဲ့အာဖရိကခရီးစဉ်အတွင်း အနီးကပ် စီစဉ်လိုက်ရပုံရတယ်။ ဒီခရီးစဉ်ဟာ ကာကွယ်ဆေးဆိုင်ရာ သံတမန်သဘောမျိုး ဖြစ်လာမှာဆိုပေမယ့် မြန်မာအစိုးရအတွက်တော့ ကသိကအောက်ဖြစ်လာနိုင်တာတွေရှိတယ်လို့ သံတမန်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

တရုတ်အာဏာပိုင်တွေနဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံမှာ အစိုးရသစ်တစ်ရပ် တာဝန်ယူပြီးပြီဆိုတာနဲ့ မြန်မာနိုင်ငံကို လာကြတာဟာ ထုံးစံလို့ ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ၂၀၁၆ ခုနှစ်မှာ အင်န်အယ်လ်ဒီအစိုးရဖွဲ့နိုင်ချိန်ကလည်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ နိုင်ငံတကာထိပ်တန်း တာဝန်ရှိသူဖြစ်ပြီး ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲနိုင်လို့ ဝမ်ယီဒုတိယအကြိမ်လာတာလဲ မထူးဆန်းဘူးလို့ ဆိုကြပါတယ်။
မစ္စတာဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ညှိနိုင်းနေဆဲဖြစ်ပေမယ့် သူဟာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စီးပွားရေးနဲ့ပတ်သတ်တဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံကြမယ်လို့ တရုတ်အစိုးရဘက်က သတင်းရင်းမြစ်တွေက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ကိစ္စတွေနဲ့ ကိုဗစ်-၁၉ အရေး ကူညီထောက်ပံ့မှုတွေကို ဦးစားပေးလာမယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုကြပါတယ်။ဒါပေမယ့် တရုတ်ဟာ မြန်မာနိုင်ငံကို ဒီထက်ပိုပြီး တွန်းအားပေးလာနိုင်တဲ့ကိစ္စတွေရှိလာနိုင်တယ်လို့ အမေရိကန် အခြေစိုက် Stimson Centre ရဲ့ တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူ Yun Sun က သုံးသပ်ထားပါတယ်။
တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဟာ နှေးကွေးနေတာဟာ ၂၀၂၀ ခုနှစ်မှာကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ဖွယ်ရှိပြီး ကိုဗစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံအကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဟာ အင်န်အယ်လ်ဒီရဲ့ အစိုးရဒုတိယသက်တမ်းအတွင်း အမြင့်ဆုံးဖြစ်လာမယ်လို့ သူကဆိုပါတယ်။

အမှန်တကယ်တော့ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (CMEC) ဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နေပြည်တော်ကို ၂၀၁၇ ခုနှစ်ကလာရောက်ကတည်းက အစပြုခဲ့တာဖြစ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရေးမြှင့်တင်ဖို့ နည်းလမ်းတစ်ခုအဖြစ် အကြံပြုခဲ့ပါတယ်။ဒါဟာ ဟိုးယခင်နှစ်နေတွေကတည်းက တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပိုးလမ်းမစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ ခရီးစဉ်ဟာ နှစ်ပေါင်း ၂၀ အတွင်း တရုတ်သမ္မတတစ်ဦး မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နှစ်ပတ်လည်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ တရုတ်သမ္မတရှီကျင်းပင်ရဲ့ အဲဒီခရီးစဉ်ဟာ သူ့ရဲ့ သမ္မတသက်တမ်းအတွင်း တရုတ်-မြန်မာဆက်ဆံရေးရဲ့ အမြင့်ဆုံး အခြေအနေလို့ တရုတ်အသိုင်းအဝိုင်းက သတ်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် တရုတ်-မြန်မာ ဆက်ဆံရေးဟာ ယခုနှစ်အတွင်းမှာ တရုတ်ဘက်က မျှော်လင့်ထားသလို အဆင်ချောမလာခဲ့ပါဘူး၊ ပြီးခဲ့တဲ့နှစ်ကစပြီး နိုင်ငံရေးအရ ထောက်ခံမှု၊ စီးပွားရေး ပံ့ပိုးမှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ မြန်မာဟာ တရုတ်အပေါ်မှီခိုအားထားမှုတွေကို လျှော့ချလာခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ပစ်ခဲ့သလို နယ်စပ်ကုန်သွယ်ရေး တွေကိုလည်း တရုတ်ဘက်က ပိတ်ပစ်တာကြောင့် မြန်မာဘက်က နိုင်ငံခြားရေးရာ မူဝါဒအချို့ ပြောင်းလဲအလဲအချို့ ဖြစ်ပေါ်စေခဲ့ပုံရပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ လုံခြုံရေး၊ ကူညီထောက်ပံ့မှုရရှိရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြားနိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆက်ဆံရေးတွေရှိခဲ့ပါတယ်။

တရုတ်သမ္မတလာရောက်ခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်မှာတော့ သဘောတူစာချုပ်သုံးဇင်လောက်ထိုးခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပိုးလမ်းမ စီမံကိန်းကို ရလဒ်အခြေပြုပြီးဖော်ဆောင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရှမ်းနဲ့ ကချင်ဘက်မှာ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်နဲ့ ရန်ကုန်မြို့သစ်စီမံကိန်း တွေပါဝင်ခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ အဲဒီလိုစီမံကိန်းတွေ နှောင့်နှေးသွားမှာ စိုးရိမ်နေပြီး စက်တင်ဘာလအတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်အကြီးအကဲ Yang Jiechi က မြန်မာ့ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့နဲ့ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတွေ ဘယ်လောက်အဆင်ချောလဲ သိနိုင်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။

လက်ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ ခရီးစဉ်ကတော့ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းတွေ အကြောင်း သိဖို့အဓိကပါဝင်တယ်လို့ သံတမန်တွေနဲ့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ တရုတ်နဲ့ သဘောတူထားတဲ့ စီမံကိန်းတွေမှာ ဒေသခံတွေအတွက် ဆိုးကျိုးသက်ရောက်နိုင်တာနဲ့ ပဋိပက္ခတွေပိုမိုဆိုးရွားလာစေနိုင်တာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေပုံရပါတယ်။ ဒါဟာ စီမံကိန်းကြီးတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ ဒေသခံတွေလူထုကို တိုင်ပင်ဆွေးနွေးဖို့ လိုတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ ပိုမိုနားလည်သိရှိလာပြီး စီမံကိန်းတွေအကောင်အထည်ဖော်ရေး နှောင့်နှေးယုံမျှမက တရုတ်နိုင်ငံဘက်က အမျက်ဒေါသထွက်စေလာနိုင်ပါတယ်။

တရုတ်နဲ့မြန်မာအကြား စီးပွားရေးဆိုင်ရာ ကိစ္စတွေအပြင် နိုင်ငံရေးအခြေအနေတွေလည်း ဆွေးနွေးဖို့ရှိနေပါတယ်။ လက်ရှိမှာ ဂျပန်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို နောက်ကွယ်မှာ သိသိသာသာထောက်ခံနေပြီး ရခိုင်အရေးမှာလည်း မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား အွန်လိုင်းကနေ အလွတ်သဘောဆွေးနွေးမှုဖြစ်ဖို့ပါ ကြားဝင်စေ့စပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံဘက်ကလည်း ကူမင်းမှာ ဆက်ဆံရေးရုံးဖွင့်လှစ်တာမျိုးအပါအဝင် အေအေနဲ့ နီးကပ်တဲ့ဆက်ဆံရေးမျိုးရှိတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို သူတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောကြားနိုင်ခြေရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်ရဲ့ နောက်ထပ်စိုးရပ်ပူပန်မှုတစ်ရပ်ကတော့ မြန်မာ့တပ်မတော်ဟာ ရုရှားလုပ် အိန္ဒိယရဲ့ ရေငုပ်သင်္ဘောကို ဝယ်ယူလိုက်တာဖြစ်ပြီး ဒါဟာပြသနာတစ်ရပ်မဟုတ်ပေမယ့်လည်း မြန်မာရဲ့ မူဝါဒပြောင်းလဲလာမှုကို ထင်သာမြင်သာရှိစေပါတယ်။

အထူးသဖြင့် မြန်မာစစ်ဘက်ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံထုတ် စစ်ဘက်အသုံးအဆောင်တွေထက် အိန္ဒိယနဲ့ ရုရှားနိုင်ငံထုတ်ပစ္စည်းတွေကို ပိုမိုလိုလားတယ်ဆိုတာ ထင်ဟပ်စေပါတယ်။။ ဒါ့အပြင် ကိုဗစ်-၁၉ အရေးနဲ့ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေထက် အိန္ဒိယက ကာကွယ်ဆေးတွေကို မှာယူအသုံးပြုဖို့ စီစဉ်နေတာဟာလည်း မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုတိုးမြှင့်လိုတဲ့ တရုတ်နိုင်ငံအတွက် မြွေပူရာကင်းမှောင့်ဖြစ်စေပါတယ်။

လက်ရှိအခြေအနေအရဆိုရင်တော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးဆိုင်ရာ သံတမန်ချဉ်းကပ်မှုလို့ ယူဆရပေမယ့်လည်း စီးပွားရေးစီမံကိန်းတွေ၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေးနဲ့ အထွေထွေလုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့အတူ ရှုပ်ထွေးတဲ့ဆွေးနွေးမှုတွေ ပါဝင်လာဖွယ်ရှိနေပါတယ်။

#voiceofmyanmar #VOM #တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီ #တရုတ်မြန်မာချစ်ကြည်ရေး

Ref: China seeks to shore up its influence in Myanmar By Larry Jagan

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW