အိန္ဒိယ အရှေ့မြောက်ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူဟာ စစ်ကိုင်းမှာအိမ်ထောင်ပြုထားသူဖြစ်နေ

စစ်ကိုင်း-ဇန္နဝါရီ ၁၀ ၊ ၂၀၂၁
Voice of Myanmar

၂၀၂၀ ဩဂုတ်လက မုံရွာချင်းတွင်းမြစ်ကူးတံတားမှာ ဖမ်းခံရတဲ့သူဟာ စစ်ကိုင်းမြို့ ၊ ဇေယျာတိုးချဲ့ရပ်ကွက်၊ အမှတ် ၅ လမ်းမှာနေထိုင်တဲ့ အိန္ဒိ ယနိုင်ငံသား ကသည်း လူမျိုးတစ်ယောက်ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံက နိုင်ငံသား စီစစ်ရေးကဒ်ပြားကိုင်ဆောင်ပြီးတော့ အိမ်ထောင်ပြု နေထိုင်နေတာကြောင့် စစ်ကိုင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မနေ့ ဇန္နဝါရီ ၉ ရက်က စစ်ကိုင်းမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

” အရေးယူခံရသူက အိန္နိယနိုင်ငံ မဏိပူရ်ပြည်နယ် Kak Chin Tokpaching မှာနေတဲ့ အိန္နိယနိုင်ငံသား ကသည်း လူမျိုးတစ်ယောက်ဖြစ်တယ် ၊ နောက်ပြီး သူကPeople Liberratiin Army (PLA) ဒေသအခေါ် ကသည်း ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အဖွဲ့က ဗိုလ်ကြီးရာထူးအဆင့်ရှိတဲ့ သူတစ်ယောက်ဖြစ်တယ်၊ သူဟာ မြန်မာနိုင်ငံသား မှတ်ပုံတင် စီစစ်ရေးကဒ် ၁ / မညန(နိုင်) ၁၂၉၆၉၈ ကိုင်ဆောင်ထားသူဖြစ်ပြီး စစ်ကိုင်မြို့ ရွာထောင်ရပ်ကွက်က မြန်မာအမျိုးသမီး တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သမီး ၁ ယောက်မွေးဖွားလို့ အခြေတကျ ခိုအောင်းနေထိုင်သူ ဖြစ်တယ်လို့ “လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လဝက ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ကသည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူ နော်ရာ (ခ) Devanl အသက် ၃၃ နှစ်ဆိုသူဟာ ၂၀၁၄ တုန်းက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင် မြို့ ၊ မြဝတီရပ်ကွက် အမည်ပေါက် မြန်မာနိုင်ငံ ၊ နိုင်ငံသား စီစစ်ရေးကဒ်ပြား ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ နိုင်ငံသား စီစစ်ရေးကဒ်ပြား ကိုင်ဆောင်ထားသူဟာ အိန္ဒိယနိုင်ငံသား ဟုတ် / မဟုတ် အတည်ပြု သိရှိနိုင်ဖို့အတွက်ကိုလည်း စစ်ကိုင်းမြို့နယ် လဝက ဦးစီးမှူး ဦးလေးမောင်က သူ့ရဲ့အထက်ဌာနကို တင်ပြခဲ့တဲ့အခါ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြန်ကြားစာအရ ဗိုလိကြီး နော်ရာ(ခ) Devanl ဟာ အိန္ဒိယနိုင်ငံသား တစ်ယောက်ဖြစ်နေတာကို အတည်ပြု သိခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းမြို့နယ် လဝက ဦးစီးမှူး ဦးလေးမောင်က မြန်မာနိုင်ငံသား စီစစ်ရေးကဒ်ပြားကိုင်ဆောင်နေထိုင်တဲ့ အိန္ဒိယနိုင်ငံသား နော်ရာ(ခ)Devanl ကို စစ်ကိုင်းမြို့မရဲစခန်းမှာ မနေ့က (ပ) ၅ / ၂၀၂၁ ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) အရ အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်ပါတယ် ။

ခု အမှုတိုးဖွင့်ခံရတဲ့ ကသည်းသူပုန်ဗိုလ်ကြီးဟာ ၂၀၂၀ သြဂုတ် ၁၃ ရက်ကလည်း မုံရွာမြို့ ချင်းတွင်းမြစ်ကူးတံတားဂိတ်မှာ မန္တလေးဘက်ကနေ တမူးမြို့ဘက်ကို ပါရာဒို ကားတစ်စီးနဲ့ မောင်းလာတုန်း မူးယစ်အထူး ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးတဲ့အခါ အဲ့ဒီ ကားပေါ်မှာ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အိန္ဒိယနိုင်ငံသား ကသည်းလူမျိုး ၅ ယောက်နဲ့အတူ ဖမ်းဆီးရမိတဲ့တာဖြစ်ပါတယ်။ သူတို့ကို မုံရွာထောင်မှာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေဆဲဖြစ်တယ်လို့ သက်ဆိုင်ရာက သိရပါတယ်။

#voiceofmyanmar #VOM #ကသည်းသူပုန် #တရားမဝင်မှတ်ပုံတင်ကိုင်ဆောင်သူ

 

Related posts

Leave a Comment

VOM News

FREE
VIEW