ကျပ်သန်း ၄၅၀၀ ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတစ်ခုကို ကရင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြု

ဇန်နဝါရီ ၁၁-၂၀၂၁
ခွန်ခမ်းသူ(VOM)

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပထမဆုံးအနေနဲ့ ကျပ်သန်း ၄၅၀၀ ရင်းနှီးမြုပ်နှံတဲ့ ဟိုတယ်နဲ့အပန်းဖြေစခန်းတစ်ခုကို ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။

ဘားအံမြို့နယ်၊ မိဇံကျးရွာ(မိဇံမြေနုကျွန်း)၊ ဦးပိုင်အမှတ်-၁၁၈ ၊ N-၁၁၀ ၊ ကွင်းအမှတ်- ၁၁၀၆ ၊ မိဇံတောင်စွန်းကွင်း၊ မြေဧက ၁၀ ဒသမ ၇၂ ပေါ်မှာခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၇ နေရာနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး UHM(Development Co,Ltd)ကုမ္ပဏီကို နှစ် ၅၀ လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

” စိမ်းလန်းသန့်ရှင့်တဲ့ ပတ်ဝန်းကျင် လေထု၊ ရေထုကိုအခြေပြုတဲ့ မီးခိုးမထွက်တဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာရင် ဒေသခံလူထုတွေရဲ့လူမှု စီးပွားရေးတွေတိုးတက်လာမယ်၊ ဒီလိုဖွံ့ဖြိုးတိုးတက်လာမှ မီးခိုးမထွက်တဲ့ စက်ရုံကနေ ဒေသခံလူထုတွေရဲ့ စားဝတ်နေရေးအပြင် လမ်းပန်းဆက်သွယ်ရေးတွေ၊ ပညာရေးတွေအစ တိုးတက်လာမယ်”လို့ ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးနိုင်တိုးဝင်းကပြောပါတယ်။

UHM(Development Co,Ltd)ကုမ္ပဏီ၊ ဒါရိုက်တာ ဦးမိုးကျော်ကလည်း ”ဒေသခံ လူငယ်လူရွယ်တွေနဲ့ ပတ်ဝန်းကျင်ရွာနားက လူငယ်တွေ အလုပ်အကိုင်ရရှိမှာ ဖြစ်တယ်။ ကရင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းကို ပိုပြီးတော့လဲ အောင်မြင်စေချင်တယ်”လို့ ပြောပါတယ်။

အဲ့ဒီ ဟိုတယ်နဲ့အပန်းဖြေစခန်းကို ဘားအံမြို့ကနေ ရေလမ်း၊ ကုန်လမ်း သွားရောက်နိုင်သလို နေ့စဉ် အပန်းဖြေလာရောက်သူ လူဦးရေ ၂၀၀ ကနေ ၁၀၀၀ နီးပါး ရှိတယ်လို့လည်း သိရပါတယ်။

ကရင်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ကျပ်သန်း ၃၃ ဘီလီယံကျော် ရင်းနှီးမြုပ်နှံမှုတွေ ရရှိထားပြီး အရင်အစိုးရလက်ထက်က ကရင်ပြည်နယ်အတွင်း ၁၉၉၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း ၂ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၇ ခုသာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

လက်ရှိအစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း ၅ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၇ ခု နဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြုချက်နဲ့လုပ်ငန်း ၉ ခု ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကရင် #ရင်နှီးမြုပ်နှံမှု #သန်း၄၅၀၀လုပ်ငန်း

Related posts

Leave a Comment

VOM News

FREE
VIEW