လွှတ်တော်အထူးအစည်းအဝေး ခေါ်မပေးတာဟာ UEC က ကြောက်လို့ဖြစ်နိုင်တယ်လို့ တပ်မတော်တုံ့ပြန်

ဇန်နဝါရီ ၁၄၊ ၂၀၂၁
ကိုထွန်း(VOM)

တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီအချို့ရဲ့ ကိုယ်စားလှယ်က လေးပုံတပုံကျော်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုချက် ပယ်ချခံရတာဟာ UEC အနေနဲ့ မဲစာရင်းကွာခြားချက်တွေကို ကိုယ်စားလှယ်တွေက မေးလာမှာကြောက်လို့ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူတော့မှာမဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် တပ်မတော်ရဲ့သဘောထားကို VOM က ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော်အနေနဲ့ မဲစာရင်းကွာခြားမှုရှိနေခြင်းကို အချက်အလက်အထောက်အထားတွေနဲ့ချပြနေတာလေ..ဒုတိယအကြိမ်လွှတ်တော် နောက်ဆုံးနှုတ်ဆက်အစည်းအဝေးခေါ်ခိုင်းတာက ဒါတွေကိုတင်ပြချင်လို့။ ကိုယ်စားလှယ်ကမေးရင် လွှတ်တော်ကို UEC ကလာဖြေရမယ်။ အခုတော့ မနေ့ကလွှတ်တော်ခေါ်ဖို့အစီအစဥ်မရှိဘူး သတင်းထုတ်ပြန်တယ်၊ ဘာကြောင့်လည်း..လုပ်ရင်ရပါတယ်။ ကိုယ်စားလှယ်တွေမေးမှာကြောက်နေတယ် မဖြေချင်ဘူး၊ မရှင်းချင်တဲ့သဘောပေါ့ ဘာကြောင့်စွပ်စွဲထားမှုကိုမဖြေရှင်းချင်တာလဲ ဒါမေးစရာရှိတယ်”

ဒုတိယအကြိမ် လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အခြားပါတီတွေက လွန်ခဲ့တဲ့လတွေကတည်းက တောင်းဆိုခဲ့ကြပြီး အကြောင်းမပြန်တဲ့အတွက် ခုတကြိမ်မှာ တပ်မတော်ပါ ပါဝင်ပြီး တောင်းဆိုတာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေပုဒ်မ ၄၀၂ ကို အကြောင်းပြပြီး လွှတ်တော်မခေါ်ပေးတာဟာ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။ ကိုဗစ်ရောဂါကို အကြောင်းပြတာဟာလည်း ခိုင်လုံမှမရှိဘဲ တတိယအကြိမ် လွှတ်တော်ခေါ်မယ့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ကိုဗစ်ရပ်သွားမယ်လို့ ဘယ်သူမှ အာမမခံနိုင်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ လေးပုံတပုံအရေအတွက်ဖြစ်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၀ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၃၆ဦး၊ ရခိုင်အမျိုးသားပါတီက ၄ဦး၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီက ၁ဦးနဲ့ တသီးပုဂ္ဂလ ၂ဦး စုစုပေါင်း ၂၀၃ဦးတို့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်မှာ လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကလည်း ဥပဒေအမျိုးမျိုးနဲ့ညွန်းဆိုပြီးတော့ ဒုတိယအကြိမ်လွှတ်တော် ခေါ်ပေးဖို့ အစီအစဉ်မရှိကြောင်း နောက်တနေ့ ဇန်နဝါရီ ၁၂ရက်မှာပဲ ချက်ခြင်း တုံ့ပြန်ခဲ့ပါတယ်။

#VoiceofMyanmar #VOM #လွှတ်တော်ခေါ်ဖို့တောင်းဆို #တပ်မတော်သတင်းမှန်ပြန်ကြားရေး

Related posts

Leave a Comment

VOM News

FREE
VIEW