ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်တောင်းတဲ့ကိစ္စ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာပြောသလဲ

ဇန်နဝါရီ ၁၉ -၂၀၂၁
ယဉ်ပပထွန်း(VOM)

ရန်ကုန်မြို့မှာ ဆိုင်ကယ်ကို မှတ်ပုံတင်နဲ့ တရားဝင်စီးခွင့်ရဖို့အတွက် ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်မှာ အဆိုအောင်မြင်ထားတာကြောင့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒဂုံမြို့နယ်၊ အမှတ်(၂) တို်င်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ” ဆိုင်ကယ်ကို ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အချို့မှာ မဖြစ်မနေ စီးနေရတဲ့အတွက် နယ်မြေသတ်မှတ်ပေးပြီးတော့ ပိုင်းခြားပြီးတော့ စီးခွင့်ပြုဖို့ အဆိုပြုတင်ပြတယ်။ စီးခွင့်ပြုရင်လည်း စီးခွင့်ရတဲ့ မြို့နယ်တွေမှာ မှတ်ပုံတင်ထားပြီးတော့ ကျန်တဲ့ စီးခွင့်မပြုတဲ့ နေရာတွေမှာတော့ စီးမယ်ဆိုရင် ဥပဒေအရ အရေးယူဖို့ ကျွန်တော်ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးမှာ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို တင်ပြခဲ့ပါတယ်။ မဲခွဲဆုံးဖြတ်တဲ့အခါမှာ အဆိုက နိုင်ခဲ့တယ် ။ ဒါကို လက်ရှိအချိန်မှာ အကောင်အထည် မဖော်ဘူး ။ ဆိုင်ကယ်စီးခွင့်မပြုတာကို ရန်ကုန်စည်ပင်ဥပဒေက ဟိုအရင်ကဟာကို ကျင့်သုံးနေတာ ပြင်လိုက်ရင် ရတယ် ။ စီးခွင့်ပြုရင်လည်း လှိုင်သာယာ ၊ ရွှေပြည်သာ၊ ဒဂုံမြို့နယ် ၄ ခုလုံး ၊ ခရေပင်လမ်းခွဲထိပေါ့ တခြားဘက်ကို မတိုးနဲ့ပေါ့ ။ အဲ့ဒါတွေကို ခွင့်မပြုနိုင်ဘူး ဆိုပြီးတော့ ဝန်ကြီးက လာရှင်းပြတယ် ။ ဝန်ကြီးက YBS စနစ်ကို လုပ်နေပါပြီ ။ လမ်းကြိုလမ်းကြားပါရောက်အောင် လုပ်နေပါပြီလို့ဖြေတယ် ။ တချို့နေရာတွေမှာ YBS မရောက်ဘူး ဆိုင်ကယ် Taxi ဝင်ရတဲ့ နေရာတွေရှိတယ်။ ဒါကြောင့် ဆိုင်ကယ် Taxi ကို တရားဝင်ခွင့်ပြုရမယ့် သဘောမျိုးဖြစ်နေတယ် ။ အဲ့ဒါလေးကို အမိန့်သေချာလေးထုတ်ဖို့ လွှတ်တော်မှာ ပြောပါတယ် ။ အဲ့ဒါကိုဝန်ကြီးက လမ်းကြိုလမ်းကြားထဲရောက် အောင် YRTA က အစီအစဉ်ရှိပါတယ်၊ ကားအသေးလေးတွေရောက်အောင် လုပ်ပေးမယ်လို့ ကျွန်တော်ကို ဖြေကြားခဲ့တယ်။ အခုဆိုရင် နယ်မြေခံရဲတွေက ဖမ်းချင်ရင်ဖမ်းတယ်၊ တချို့ဆိုရင် သောင်းဂဏန်းလောက်ပေးမှ ပြန်လွှတ်ပေးတယ်။ တချို့ရဲတွေကျတော့ မှတ်ပုံတင်မရှိတဲ့အတွက် ပြစ်မှုတွေ ကျူးလွန်တဲ့အခါမှာ ဦးနှောက်ချောက်ရတယ်၊ မှတ်ပုံတင်ရှိတဲ့ ဆိုင်ကယ်ဆိုရင် အမှုလိုက်ရတာ လွယ်တယ်ဆိုပြီး မှတ်ပုံတင်နဲ့ တရားဝင်ချပေးဖို့ တချို့ ရဲတွေက ပြောကြတယ်၊၂၀၁၄ ခုနှစ်ကလည်း တိုက်ကြီးမြို့နယ် ၊ မှော်ဘီမြို့နယ် ၊ လှည်းကူးမြို့နယ်ထက် လှိုင်သာယာမှာ ဆိုင်ကယ်ပိုများနေတဲ့အတွက် နိုင်ငံတော်အတွက် အခွန်လျော့နေတယ်။ ဆိုင်ကယ်စီးခွင့်တော့မပြုဘူး မြောက်ဥက္ကလာပမြို့နယ်တို့ တောင်ဥက္ကလာပမြို့နယ်တွေက ဆိုင်ကယ်အရောင်းဆိုင်တွေကို ပိတ်တယ် ၁ လလောက် ။ ဒါကြောင့် မှတ်ပုံတင်နဲ့ တချို့မြို့နယ်တွေမှာ ဆိုင်ကယ်စီးနှင်းခွင့်ပြုသင့်ပါတယ်”လို့ပြောပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကလည်း ” ကျွန်တော်တို့မြို့နယ်မှာဆိုရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း အဆိုတင်ဘူးပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာဆိုရင်လည်း ကျွန်တော်ရော ရွှေပြည်သာက ကိုယ်စားလှယ်ရော ကြယ်ပွင့်ပြမေးခွန်းမေးထားဖူးပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဆိုင်ကယ်စီးခွင့်ကို မေးခွန်းမေးတာနဲ့ ပြောရရင်တော့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အပါအဝင် လှိုင်သာယာ ၊ ရွှေပြည်သာ ၊ဒဂုံဆိပ်ကမ်း စသဖြင့် မြို့သစ်နေရာတွေမှာက YBS မရောက်တဲ့ နေရာမျိုးတွေရှိတယ် ။ မရောက်တဲ့နေရာမျိုးတွေကို အစိုးရအနေနဲ့ကလည်း အစီအစဉ်မရှိသေးခင်မှာ မဖန်တီးပေးနိုင်သေးခင်မှာ သတ်မှတ်ချက်ပါ စည်းမျဉ်စည်းကမ်းနဲ့အညီ စီးခွင့်ပြုဖို့ တင်ပြထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတာက လမ်းပန်းဆက်သွယ်ရေး မရောက်သေးတဲ့ နေရာမျိုးတွေမှာ ဒါတွေကိုစီစဉ်ဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆွေးနွေးခဲ့တယ် ။ အခု ဘာမှမထူးဘူးစီးနေတယ် တိုက်နေတယ် သေနေတယ်ဆိုတော့၊ အဲ့ဒီအပေါ်ကို ပြန်လည်ခြုံပြီး သုံးသပ်သင့်ပြီလို့ လိုအပ်နေပါတယ်”လို့ ပြောပါတယ်။

အင်းစိန်မြို့နယ် အမှတ်(၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကလည်း ” ဆိုင်ကယ်ကတော့ ဥပဒေအရ သူများနိုင်ငံတွေမှာလည်း အချိန်ကာလတစ်ခု အကုန်လုံးလျှော့ချဖို့ အစီအစဉ်ဆွဲနေကျပြီ။ဆိုင်ကယ်စီးတာက စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပမှာ ပြဿနာမရှိပေမယ့် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာဆိုတော့ ဆိုင်ကယ်စီးရတာက ယာဉ်ကြောကြပ်တည်းမှုတွေ ပိုပြီးတော့ဖြစ်စေမယ် ။ စီးခိုင်းမယ်ဆိုရင်လည်း လိုင်စင်နဲ့ နိုင်ငံတော်လည်း အခွန်ဘဏ္ဍာရမယ့်လုပ်ငန်းမျိုးကို ရှေးရူပြီးတော့မှ လိုင်စင်နဲ့ အခွန်ဆောင်ထားတဲ့ ဆိုင်ကယ်တွေ တရားဝင်စီးခွင့်ပြုမယ်ဆိုရင် တစ်နည်းစဉ်းစားရမယ် ။ လိုင်စင်ကျပေးပြီး သတ်မှတ်ထားတဲ့နေရာတွေမှာဆိုရင် စီးခွင့်ပြုသင့်ပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်မြို့က တချို့မြို့နယ်တွေမှာ YBS မရောက်တဲ့နေရာတွေမှာဆိုရင် ဆိုင်ကယ်ကယ်ရီတွေနဲ့သွားရတဲ့အခါမျိုးတွေ ရှိနေသလို ကိုယ်ပိုင်ဆိုင်ကယ်နဲ့လည်း ရပ်ကွက်အတွင်း တစ်နေရာ နဲ့ တစ်နေရာသွားလာလွယ်ကူစေဖို့အတွက် Bikers Revolution အဖွဲ့အစည်းက တရားဝင် ဆိုင်ကယ်စီးခွင့်ရဖို့ မြေပြင်နဲ့အွန်လိုင်းကနေ လက်မှတ်ကောက်ခံတဲ့ အခါ လက်မှတ်ပေါင်း ၈၀၀၀ နီးပါး ကို ဒီကနေ့မှာပဲ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြတောင်းခံထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဆိုင်ကယ်တရားဝင်စီးခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW