စိန်ပန်းရပ်ကွက်မှာ စစ်တပ်က ဆန္ဒပြသူတွေကို ဖြိုခွင်းလို့ သေဆုံးခဲ့သူ ၄ ဦးရဲ့ နာရေးအခမ်းအနားများ

မန္တလေး၊ မတ်- ၁၄- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့ စိန်ပန်းရပ်ကွက် ၄၁ လမ်း၊ လမ်း ၉၀ ဒေါင့်မှာ မနေ့ မတ်လ ၁၃ ရက်က ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့စစ်တပ်က ဖြိုခွင်းခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တဲ့ အမျိုးသမီးကတော့ မန္တလေးမြို့ အရှေ့မိုဃ်းကောင်းဓမ္မာရုံတောင်ဘက် အကွက်နံပါတ်-၄၁၇မှာနေထိုင်သူ အသက် ၅၃ နှစ်အရွယ် ဒေါ်ကေကြည် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို နေအိမ်မှာ ပြင်ဆင်ထားပြီး မတ်လ ၁၅ ရက်နေ့မှာ ကြာနီကန်သုဿာန်ကို ပို့ဆောင် မီးသဂြိုၤဟ်သွားမယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသားတစ်ဦးကတော့ ကိုစောပြည့်နိုင် အသက် ၂၁ နှစ် စံပြရပ်မှာ နေထိုင်သူဖြစ်ပြီး ဝမ်းဗိုက်ကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကိုစောပြည့်နိုင်ရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ နေ့လယ် ၁ နာရီအချိန် ကြာနီကန်သုဿာန်မှာ မီးသဂြိုၤဟ်သွားမယ်လို့ သိရပါတယ်။

နောက်ထပ် သေဆုံးသူ အမျိုးသား ၁ဦးကတော့ စိန်ပန်းရပ်၊ ဥပုသ်တော်ရပ်ကွက်နေ အသက် ၅၆ နှစ်အရွယ် ဦးဝင်းဌေး ဖြစ်ပြီး လက်မောင်းကို ကျည်ဆံဖောက်ကာ ခန္ဓာကိုယ်အတွင်း ကျည်ဆံထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဦးဝင်းဌေးရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ မနက် ၁၁ နာရီခွဲအချိန်က ကြာနီကန်သုဿာန်မှာ မီးသဂြိုၤဟ်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေကို ဖြိုခွဲလို့ ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးသူ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦးရှိတယ်လို့ သိရပြီး ခါးအောက်ပိုင်းကို ထိမှန်သူ ၃ ဦး၊ ဒဏ်ရာရသူ ၁၀ ဦးထက် မနည်းရှိတယ်လို့ ကယ်ဆယ်ရေးအသင်းတွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။

မနေ့ မတ်လ ၁၃ရက်နေ့က စိန်ပန်းရပ်ကွက်ထဲအထိ အကြမ်းဖက်ဖြိုခွင်းမှုတွေရှိခဲ့ပြီး ဧသုခဓမ္မာရုံအတွင်းက ဧသုခ လူမှုကူညီရေးအသင်းကား တစ်စီးကိုလည်း ရဲတပ်ဖွဲ့ကယူဆောင်ကာ မောင်းနှင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

သေဆုံးသူ မပြုံးဆိုတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ လက်ရှိအချိန်ထိ ပြန်မရသေးဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #Mandalay #အထွေထွေသပိတ်စစ်ကြောင်း #မန္တလေး #စစ်တပ် #ဖြိုခွဲခံရ #ဆန္ဒပြ #စိန်ပန်း #ထိုင်သပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW