ကလေးမြို့မှာ မတ်လ ၁၇ ရက်က ကျဆုံးသူတွေရဲ့ဈာပန

ကလေး-မတ်၁၈-၂၀၂၁
သိမ်မွေ့ကဗျာ

ကလေးမြို့မှာ မနေ့ မတ်လ ၁၇ရက်က တာဟန်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမှာ ကျဆုံးသွားခဲ့သူတွေထဲက ချင်းအမျိုးသားနှစ်ဦးရဲ့ နာရေးကို ဒီကနေ့ပဲပြုလုပ်ခဲ့ပါတယ်။

တာဟန်းသပိတ်စစ်ကြောင်းဖြိုခွင်းခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ချင်းတိုင်းရင်းသားသုံးဦးအနက် ဆလိုင်းကျုံးလျံကျဲအိုနဲ့ ကိုကျင်ခန့်မာန်တို့ နှစ်ဦးကို ဒီကနေ့ပဲ သုဿန်အသီးသီးသို့ ကလေးမြို့ပြည်သူလူထုနဲ့ ချင်းတိုင်းရင်းသားတွေက လိုက်ပါပို့ဆောင်ကြပါတယ်။

မနေ့က စစ်တပ်နှင့်ရဲတွေ ဝိုင်းထားမှုကြောင့် ပိတ်မိနေတဲ့ ညီမဖြစ်သူကို သွားကယ်ရင်း အစ်ကိုဖြစ်သူ အသက် ၂၅ နှစ်အရွယ် ဆလိုင်းကျုံးလျံကျဲအိုဟာ ရင်ဘတ်ကျည်ထိမှန်၍ သေဆုံးသွားခဲ့ပါတယ်။

သူ့ရဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့ နံနက် ၁၀ နာရီခွဲမှာ စီးစံသုဿန်သို့ ပို့ဆောင်ဂူသွင်းခဲ့ကြသလို ကလေးသုံးဦးဖခင်ဖြစ်တဲ့ ကိုကျင်ခန့်မာန်ရဲ့ ရုပ်အလောင်းကိုတော့ သူနေထိုင်ရာဖြစ်တဲ့ ချင်းပြည်နယ် ခိုင်ကမ်းမြို့က သုဿန်ဆီ ပို့ဆောင်ပေးကြပါတယ်။

ဒါ့အပြင် မနေ့ကပဲ ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ အသက် ၂၀ အရွယ် ကိုဒိုဆွမ်ကိမ်းအား ဒီကနေ့ နေ့လည် ၂ နာရီမှာပဲ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့မှာ သူ့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုးတွေက ခရစ်ယာန်ဘာသာ၀င်တွေရဲ့ ဓလေ့ထုံးစံအတိုင်း ဆုတောင်းပွဲပြုလုပ်ပြီး သူနေထိုင်ရာ တီးတိန်မြို့နယ်၊ ထေးဇန်ရွာသို့ သွားရောက်ပို့ဆောင်နေကြပါတယ်။

ကိုဒိုဆွမ်ကိမ်းရဲ့ ရုပ်အလောင်းကိုတော့ မနက်ဖြန် ထေးဇန်ရွာမှာပဲ သုဿန်သို့ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #ကလေးမြို့

Related posts

Leave a Comment

VOM News

FREE
VIEW