မုံရွာမှာ ရက် ၂၀ ဖမ်းထားခံရပြီး ၅၀၅ (က)နဲ့ အမှုဖွင့်ခံရသူ ၃၀ ကို ကွင်းလုံးကျွတ်လွှတ်

မုံရွာ-မတ် ၁၈ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)
စစ်ကိုင်းတိုင်း မုံရွာမြို့ အေးသာယာရပ်ကွက် ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ဆင်ဖြူရာမ ပြဿဒ်ကျောင်းဝင်းထဲက မုံရွာ ဆန္ဒပြ ပင်မသပိတ်ကို လုံခြုံရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၀ နာရီက ဝင်ရောက်ဖြိုခွဲပြီး လူ ၁ ရာကျော်ကို ဖမ်းဆီးသွားခဲ့ပါတယ်။
အဲ့ဒီ ဖမ်းဆီးသွားတဲ့ လူ ၁ ရာကျော်အနက် ပညာရေးဝန်ထမ်းတွေနဲ့ အခြား ဌာနဆိုင်ရာက သူတွေကို ညတွင်းချင်း ပြန်လွတ်ပေးခဲ့ပေမယ့် ကျောင်းသား ကျောင်းသူ အများစု ပါဝင်တဲ့ လူ ၃၀ ကို မုံရွာအကျဥ်းထောင်မှာ ပို့ဆောင်ပြီး အရေးပေါ် ဥပဒေ ပုဒ်မ ၅၀၅ (က) အရ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး မုံရွာမြို့နယ် တရားရုံးမှာ တရားစွဲဆို အရေးယူခဲ့ပါတယ်။
တရားစွဲဆိုခံရတဲ့ လူ ၃၀ နဲ့ ပတ်သက်လို့ မုံရွာခရိုင် ရှေ့နေများကွန်ယက်က ဥပဒေ အကျိုးဆောင် လိုက်ပါပေးခဲ့ပြီး ဒီကနေ့ နေ့ခင်းမှာ တရားရုံးက အဲ့ဒီ လူ ၃၀ ကို အမှုကနေ အပြီးအပြတ် ကွင်းလုံးကျွတ် လွတ်ပေးလိုက်တာဖြစ်ပါတယ်။
“ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က) အရ တရားစွဲ အဖွဲ့အစည်းက အမှုရုပ်သိမ်းလျှောက်ထားလာမှုအပေါ် တရားရုံးက အမှုရုပ်သိမ်းခွင့် စီရင် အမိန့်ချပြီး လွတ်ပေးလိုက်တာဖြစ်တယ် “လို့ မုံရွာခရိုင် ရှေ့နေများကွန်ယက် က တရားလွှတ်တော်ရှေ့နေ တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးတဲ့အခါ မုံရွာ အခြေစိုက် မုံရွာဂေဇက် သတင်းဌာနရဲ့ အမှုဆောင်အရာရှိ ကိုကျော်ကျော်ဝင်း(ခ) ကိုလေးကိုလည်း ရိုက်နှက် ဖမ်းဆီးခံ့ပြီး နောက်တနေ့မနက်ပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ပြန်လည်လွတ်ပေးခဲ့ပါတယ်။
အဲ့ဒီနောက် မုံရွာမြို့ပေါ်က လူမှုကူညီရေး အသင်း ၃ သင်းက ပရဟိတ စေတနာ့ဝန်ထမ်း၂၀ နဲ့ ကား ၅ စီးကိုလည်း ပြန်လည်လွတ်ပေးတာမျိုးရှိခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW