အလှူအိမ်က ထမင်းပေါင်းအိုး ပေါက်ကွဲလို့ လူ ၂ ဦးသေ ၅ ဦး ဒဏ်ရာရ

မတ် ၊ ၂၄ -၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ ညောင်ပင်သာကျေးရွာမှာ ပြုလုပ်တဲ့ အလှူပွဲတစ်ခုမှာ ဒီကနေ့ မတ် ၂၄ ရက် မနက် ၉ နာရီ ဝန်းကျင်က ဧည့်ပရိတ်သတ် ကျွေးမွေးဧည့်ခံဖို့ တည်ထားတဲ့ ထမင်းဘွိုင်လာပေါင်းအိုး ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ အလှူပွဲမှာသွားရောက် ကူညီလုပ်ကိုင်ပေးနေသူ တစ်ယောက်က ” ဖြစ်တာက ဘုန်းကြီးကျောင်းထဲမှာပါ ၊ ထမင်းပေါင်းအိုး ပေါက်ကွဲထိမှန်တဲ့အတွက် အသက် (၂၂) နှစ်အရွယ် လူငယ် အမျိုးသား တစ်ယောက်က ဦးခေါင်းပြတ်ဒဏ်ရာနဲ့ သေဆုံးတယ် ၊ နောက်တစ်ယောက်က အသက် (၂၅) တစ်ယောက်က ဝမ်းဗိုက်ပွင့် ဒဏ်ရာနဲ့ သေဆုံးပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးကုသမှုပေးနေပြီး သေဆုံးသူ ၂ ယောက်နဲ့ ပတ်သက်လို့ ဟုမ္မလင်းမြို့မရဲစခန်းက သေမှုသေခင်း စာရင်းရေးသွင်းပြီး စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ထမင်းပေါင်းအိုး ဘွိုင်လာတွေဟာ အပူရှိန်လွန်ကဲပြီး အပူငွေ့ထုတ်တဲ့စနစ်ထိန်းညှိနိုင်မှု အဆင်မပြေဘူးဆိုရင် ပေါက်ကွဲတတ်တဲ့အတွက် အပူငွေ့ထုတ်စနစ်ကို ထမင်းချက်သူက ဂရုတစိုက် စောင့်ကြပ်ပြီး အပူရှိန်လျော့ပေးရတယ်လို့ မုံရွာ စက်မှုဇုန်ရှိ ထမင်းပေါင်းအိုးဘွိုင်လာ ပညာရှင်တစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေကလည်း မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း အားကစားတိုက်တန်းရှိ ထမင်းဆိုင်တစ်ခုမှာ အလားတူ ထမင်းပေါင်းအိုး ဘွိုင်လာပေါက်ကွဲခဲ့တဲ့အတွက် ဆိုင်ရှင်အမျိုးသား သေဆုံးခဲ့ရပြီး အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ရတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါသေးတယ်။

#VoiceOfMyanmar #VOM #ဟုမ္မလင်း #ထမင်းပေါင်းဘွိုင်လာအိုး #ပေါက်ကွဲ

Related posts

Leave a Comment

VOM News

FREE
VIEW