AP သတင်းထောက် အမှုကနေ ပြန်လည်လွတ်မြောက်

ရန်ကုန်၊မတ် ၂၃-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်က ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တွေထဲက APသတင်းဌာနက ဓာတ်ပုံသတင်းထောက်ကိုသိန်းဇော်ကို ဒီနေ့ မတ် ၂၄ရက်နေ့ ရုံးချိန်းမှာ တရားလိုက အမှုရုပ်သိမ်းခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်ပြီဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်ကနေ သိရပါတယ်။

“ဒီနေ့ သတင်းထောက်လေးဦး ရုံးချိန်းမှာ APသတင်းဌာနက ကိုသိန်းဇော်ကို တရားလိုဖြစ်တဲ့ ဒုရဲမှုးက အမှုပိတ်သိမ်းကြောင်းလျှောက်တယ်။ ပြန်လွတ်ပြီပေါ့ ကျန်တဲ့သူတွေတော့မပါသေးဘူး”လို့ VOM ကို ပြောပါတယ်။

ကမာရွတ်မြို့မရဲစခန်းက ဒုရဲမှုးမျိုးဦးက တရားလိုလုပ်ပြီး 7dayသတင်းဌာနမှ သတင်းထောက်အောင်ရဲကို၊ ဇီးကွက်သတင်းဌာနမှ သတင်းထောက်ဟိန်းပြည့်ဇော်၊ အလွတ်တန်းသတင်းထောက်ကိုဗညားဦး၊ MPA သတင်းဌာနက ကိုရဲမျိုးခန့် နဲ့ APသတင်းဌာနမှ ကိုသိန်းဇော်တို့ကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာမှာ ဒီနေ့မှာ AP သတင်းထောက်တဦးတည်းကို အမှုပိတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ၆ဦးကို ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

မနက်ဖြန် မတ် ၂၅ ရက်နေ့မှာ စမ်းချောင်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းထောက်မကေဇွန်နွေးကို ပုဒ်မ ၅၀၅(က)နဲ့ ထောင်တွင်းယာယီတရားရုံးမှာပဲ ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ဖမ်းဆီးခံရတဲ့သတင်းထောက်တွေအတွက် အာမခံရရှိရေးကိုကြိုးစားနေတယ်လို့ အမှုလိုက်ရှေနေတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့မှာ တပ်မတော်က အာဏာရယူခဲ့ပြီးနောက် အခုချိန်ထိ သတင်းမီဒီယာအသီးသီးက သတင်းထောက် ၃၀ဦးနဲ့အထက် သတင်းရယူနေရင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၀ ဦးကျော်ကတော့ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #သတင်းထောက် #AP #ကိုသိန်းဇော် #လွတ်မြောက်

Related posts

Leave a Comment

VOM News

FREE
VIEW