မနေ့က မြင်းခြံပစ်ခတ်မှုမှ ၂ ဦးထပ်မံကျဆုံး

မတ် ၃၀-၂၀၂၁
CKTG(VOM)

မြင်းခြံမြို့ရဲ့ မနေ့ မတ်လ ၂၉ ရက်နေ့ ပစ်ခတ်ဖြိုခွဲခံရမှုမှာ ကျည်ထိမှန်ခဲ့တဲ့ အမျိုးသား ၂ ဦး မနေ့ညနဲ့ ဒီနေ့ မတ် ၃၀ရက် မနက်ပိုင်းတို့မှာ ထပ်မံကျဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် (၂၁) နှစ်အရွယ် ကိုဝေလွင်ဦးဟာ မနေ့က မနက်ပိုင်းပစ်ခတ်မှုမှာ ရရှိခဲ့တဲ့ကျည်ထိဒဏ်ရာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ကျဆုံးခဲ့ပြီး နောက်တစ်ယောက်ဖြစ်သူအသက် (၃၂)နှစ်အရွယ် ကိုဇော်လင်းထွန်း(ခ) ဇော်ကြီးကတော့ ရဲနဲ့ စစ်တပ်ရဲ့ ညပိုင်း ပစ်ခတ်မှုမှာ ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာကြောင့် ည၉ နာရီခွဲလောက်မှာကျဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။

“ကိုဝေလွင်ဦးက မနေ့ကပစ်ခတ်မှုအတွင်းရတဲ့ ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာကြောင့် ဒီကနေ့မနက်မှာ ထပ်ကျဆုံးတယ်။ နောက်တစ်ယောက်က ည၉ ခွဲလောက်မှာကျတယ်။ ကိုဇော်လင်းအလောင်းကို ရေမြောင်းထဲမှာတွေ့ရတာ။ မနေ့က ကျဆုံး ၄ဦးရှိခဲ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ် ။

အခုသေဆုံးသူနှစ်ဦးအပါအဝင် မနေ့က မြင်းခြံမြို့ဆန္ဒပြမှုမှာ အမျိုးသား ၄ ဦး ကျဆုံးမှုရှိခဲ့တာပါ။

မနေ့က ညနေအထိ ကျဆုံးခဲ့သူ ၂ဦးကတော့ အသက် (၁၉) နှစ်အရွယ် ကိုသူထူးစံနဲ့ အသက် (၃၃) နှစ်အရွယ် ကိုကျော်မင်းဇင်တို့ ဖြစ်ပါတယ်။

မတ်လ ၃ရက်နေ့ကနေစပြီး ဒီနေ့အထိ မြင်းခြံဆန္ဒပြမှုမှာ သေဆုံးသူ ၂၁ဦး အထိ ရှိနေပြီ ဖြစ်ပါတယ်။

အဲ့ဒီသေဆုံးသူတွေထဲက မတ်လ ၂၈ ရက်နေ့မှာ သေဆုံးသူတစ်ဦးကတော့ ဆန္ဒပြသူမဟုတ်ဘဲ ခရီးသွားနေစဉ် ကားကိုပစ်ခတ်ခံရပြီး ကျည်ထိသေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW